Wednesday, February 25, 2009

ဧရာဝတီ သတင်းဌာနအား တရားစွဲမည်


ကနေဒါ အခြေစိုက် မြန်မာ့ နိုင်ငံရေး ပါတီတခု၏ ခေါင်းဆောင် ဖြစ်သူက ဧရာဝတီမဂ္ဂဇင်းနှင့် အယ်ဒီတာ ဦးအောင်ဇော်ကို တရားစွဲတော့မည်ဟု VOA အသံလွှင့်ဌာနသို့ ယနေ့ ပြောကြား လိုက်သည်။
ဦးကျော်မြင့်
ညီညွတ်သော ဒီမိုကရက်တစ် ပါတီ (UDP)၏ ခေါင်းဆောင် ဦးကျော်မြင့် (ခေါ်) မိုက်ကယ်ဟွာဟူက ယနေ့နံနက်ပိုင်းက ထုတ်လွှင့်သည့် VOA အသံလွှင့်ဌာနနှင့် ဆက်သွယ် မေးမြန်းခန်းတွင် ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။“ကျနော် ဘိန်းသမားပေါ့ သူက ရေးတယ်၊ နံပတ်တစ်။ နံပတ်နှစ်က ကျနော် မန်းနီးလောင်ဒရင်း (ငွေကြေးခ၀ါချမှု)တဲ့။ … သူ စွပ်စွဲတယ်။ … အဲဒီ နှစ်ခုကို ယူပြီးတော့ ကျနော်က ယိုးဒယား တရားရုံးမှာ ကျနော် တရားစွဲမယ်” ဟု ဦးကျော်မြင့်က ဆိုသည်။“အခု ယိုးဒယား ရှေ့နေတွေ အခု စာရွက်တွေ ပြင်နေပါတယ်။ ကျနော် ထင်တယ် ဒီလ ကုန်ခါနီး ဆိုရင် တရားရုံး အထိ ရောက်ပြီလို့ ကျနော် ထင်ပါတယ်။ အခုတော့ စာရွက် စာတမ်းတွေ ပြင်ဆင်နေပါတယ်” ဟု ၎င်းက ဆက်လက် ပြောလိုက်သည်။ဦးကျော်မြင့်သည် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တခု ဖြစ်သည့် ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၏ ဘဏ္ဍာရေး ဌာနတွင် တာဝန်ယူခဲ့ဖူးသည်ဟု သိရသည်။ ဦးကျော်မြင့်ကမူ “တာဝန်ဆိုတာ တကယ် သူတို့ထဲမှာ ဝင်တာ မဟုတ်ဘူး။ သူတို့ကို ကူညီပေးတာပါ” ဟု ဆိုသည်။ UWSA သည် မူးယစ်ဆေး ထုတ်လုပ်ရေး လုပ်ငန်း လုပ်ကိုင်သည်ဟု နာမည်ကြီးသော လက်နက်ကိုင် အဖွဲ့ကြီး ဖြစ်သည်။ သို့သော်လည်း ၎င်းတို့ဒေသတွင် ဘိန်းစိုက်ပျိုးမှု ပပျောက်သွားပြီ ဖြစ်ကြောင်း မကြာသေးမီ နှစ်များအတွင်းက နိုင်ငံတကာသို့ ကြေညာခဲ့သည်။ဦးကျော်မြင့်နှင့် ပတ်သက်ပြီး ဧရာဝတီတွင် ရေးသားထားချက်များမှာ Asiaweek မဂ္ဂဇင်း၊ Jane's Intelligence Review တို့တွင် ဖော်ပြထားချက်များကို ကိုးကားထားခြင်း ဖြစ်သည်။မြန်မာစစ်အစိုးရက ဦးကျော်မြင့်၏ မြန်မာ ကျုံယွမ် ကုမ္ပဏီကို နာမည်ပျက်စာရင်း သွင်းခဲ့သည်၊ အဘယ်ကြောင့် ဆိုသော် “UWSA ၏ ဘဏ္ဍာရေးဌာန ဒုတိယ ဌာနမှူးဟု ဆိုသော မိုက်ကယ်ဟွာဟူ (ခေါ်) ဗိုလ်မှူးကျော်မြင့်သည် စီးပွားရေး ဆိုင်ရာ ဥပဒေ နှင့် စည်းကမ်းများကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ခဲ့သည်” ဟု Jane’s ထောက်လှမ်းရေး စာစောင်က ၁၉၉၈ နိုဝင်ဘာလတွင် ဖော်ပြခဲ့သည်။ဆက်လက်ပြီး ထိုစာစောင်က “UWSA ခေါင်းဆောင်များနှင့် စစ်အစိုးရ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ တွေ့ဆုံပြီးနောက်တွင် ၀န်ကြီးတဦးဖြစ်သူ ဗိုလ်မှူးချုပ် ဒေးဗစ်အေဘယ်သည် အခြား ရာထူးတာဝန်တခုသို့ ရွှေ့ပြောင်းခံခဲ့ရသည်” ဟု ဆိုသည်။ထိုအချိန်တွင် ဦးကျော်မြင့်သည် အမေရိကန် ပြည်ထောင်စု အစိုးရ၏ စောင့်ကြည့်ခြင်းကို ခံနေရသည်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ၁၉၉၈ ခုနှစ်ထုတ် နိုင်ငံတကာ မဟာဗျူဟာ မူးယစ် ဆေးဝါး ထိန်းချုပ်မှု အစီရင်ခံစာတွင် စစ်အစိုးရက ဦးကျော်မြင့်၏ မြန်မာ ကျုံယွမ် ကုမ္ပဏီကို ဖျက်သိမ်းခဲ့ကြောင်း ဖော်ပြထားသည်။ သို့သော်လည်း စစ်အစိုးရက အဆိုပါ အရေးယူမှုကို မူးယစ်ဆေးဝါး တိုက်ဖျက် နှိမ်နင်းရေး အစီအစဉ်အရ ပြုလုပ်ခဲ့ကြောင်း ဖော်ပြခြင်း မရှိခဲ့ပါ။ “ယခင် UWSA တပ်ဖွဲ့၏ အကြီးတန်းအရာရှိဖြစ်ခဲ့သူ ကုမ္ပဏီ၏ ဥက္ကဋ္ဌသည် နောက်ပိုင်းတွင် ထောင်ဒဏ် ၉ နှစ် ချမှတ်ခြင်း ခံရကြောင်း သိရှိရသည်”ဟု အစီရင်ခံစာက ဆိုသည်။VOA အသံလွှင့်ဌာနနှင့် ဆက်သွယ် မေးမြန်းခန်းတွင်လည်း ဦးကျော်မြင့်က ၎င်းသည် ထောင်ဒဏ် ၉ နှစ် ချမှတ်ခံရသည်ဟု ပြောကြားခဲ့သည်။မြန်မာပြည် နိုင်ငံရေးနှင့် ပတ်သက်သည့် အကြံပြုစာ တစောင်ကို စစ်အစိုးရသို့ ပေးပို့ခဲ့သဖြင့် ထောင်ကျခဲ့ခြင်း ဖြစ်သည်ဟု ဦးကျော်မြင့်က ဆိုသည်။ဦးကျော်မြင့်က ၎င်းသည် အကျဉ်းကျခံရစဉ် မန္တလေး ဆေးရုံမှ ထွက်ပြေးခဲ့ကြောင်း၊ ထို့နောက် ထိုင်းနိုင်ငံမှတဆင့် မြောက်အမေရိကသို့ ရောက်ရှိခဲ့သည်ဟု ဆိုသည်။Asiaweek မဂ္ဂဇင်းက မြန်မာကျုံယွမ်သည် ငွေမည်း ခဝါချသည့် လုပ်ငန်းများနှင့် ဆက်နွယ်နေသည့် ကုမ္ပဏီ အဖြစ် စွပ်စွဲခံနေရကြောင်း ၁၉၉၈ခုနှစ် ဇန်နဝါရီလတွင် ရေးသားခဲ့ကြောင်း ဧရာဝတီက ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ကောက်နုတ်ဖော်ပြခဲ့သည်။ဦးကျော်မြင့်ကမူ မြန်မာကျုံယွမ်ကို ကျောက်စိမ်းလုပ်ငန်း၊ သစ်လုပ်ငန်း၊ သတ္ထု တူးဖော်ရေး လုပ်ငန်းတို့မှ ရသည့် ငွေများဖြင့် တည်ထောင်ခဲ့သည်ဟု VOA ဆက်သွယ်မေးမြန်းခန်းတွင် ယနေ့ ပြောကြားလိုက်သည်။၎င်းအနေဖြင့် မူးယစ်ဆေး လုပ်ငန်း၊ ငွေမည်း ခဝါချသည့် လုပ်ငန်းများနှင့် ဆက်နွယ်မှု လုံးဝ မရှိကြောင်းကိုလည်း အကြိမ်ကြိမ် ငြင်းဆိုသွားသည်။မကြာသေးမီက ဦးကျော်မြင့်သည် လာမည့်နှစ်တွင် ပြုလုပ်မည်ဟု ဆိုသော ရွေးကောက်ပွဲတွင် ပါဝင်ရန် UDP ပါတီကို ဖွဲ့စည်း ထူထောင်ထားသည်။ ၎င်းသည် ပါတီ၏ “နိုင်ငံခြားတာဝန်ခံ”ဖြစ်ကြောင်း၊ မြန်မာပြည်တွင်းရှိ ဝါရင့် နိုင်ငံရေးသမား ဦးသုဝေ၊ ထင်ရှားသည့် စီးပွားရေးသမား ဦးရဲထွန်းတို့သည် ပါတီခေါင်းဆောင်များ ဖြစ်ကြောင်း သိရသည်။၎င်း၏ အဆိုအရ UDP အား လာမည့်နှစ်တွင် ရွေးကောက်ပွဲဝင်ရန် စစ်အစိုးရက ဝါရှင်တန်မြို့ မြန်မာသံရုံးမှ တဆင့် ကမ်းလှမ်းခဲ့သည်ဟု သိရသည်။“၂ဝ၁ဝ ခုနှစ်မှာ ရွေးကောက်ပွဲဝင်ဖို့ သဘောတူတဲ့ တရားဝင်စာ ကျနော်တို့ဆီ ရောက်လာပါတယ်” ဟု ဦးကျော်မြင့်က ဆိုသည်။

ကိုးကား ။ဧရာဝတီမှာ ကူးယူဖော်ပြပါသည် ။

No comments:

Post a Comment