Tuesday, June 9, 2009

သက်သေ ဦးဝင်းတင်နှင့် ဦးတင်ဦး ပယ်ချခံရ




ဒေါ်အောင်ဆန်း စုကြည်ဘက်က တရားခံပြသက်သေ ၃ ဦး ပယ်ချလိုက်ခြင်းကို ပြန်လည်ပြင်ဆင် သုံးသပ်ရန် ရန်ကုန်တိုင်း တရားရုံးသို့ လျှောက်ထားချက်အား တရားရုံးက ယနေ့တွင် ၁ ဦးကိုသာ ခွင့်ပြုမိန့်ချမှတ်လိုက်သည့် အတွက် ဗဟိုတရားရုံးသို့ ဆက်လက် လျှောက်လဲမည်ဖြစ်ကြောင်း NLD ရှေ့နေများက ပြောသည်။
ဦးဝင်းတင်နှင့် ဦးတင်ဦး
ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် တင်ပြထားသော သက်သေ ၃ ဦးတွင် သတင်းစာ ဆရာကြီး ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦး တို့ကို ပယ်ချလိုက်ပြီး NLD ရှမ်းပြည်နယ် စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ခင်မို့မို့ တဦးကိုသာ ခွင့်ပြုကြောင်း ရန်ကုန်တိုင်းတရားရုံး၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ဗဟိုတရားရုံးအထိ ဆက်လက် လျှောက် ထားတင်ပြသွားမည် ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

“အချိန်ပြဿနာကတော့ရှိတယ်၊ ဒါက ဒီမှာ ကျင့်သုံးနေတဲ့ လုပ်ထုံးလုပ်နည်းတွေအရ၊ ဒါပေမယ့် မတတ်နိုင်ဘူး၊ ကျနော်တို့က ဥပဒေအရ ဖြောင့်ဖြောင့်မတ်မတ်ဖြစ်ဖို့သာ ဦးစားပေးစဉ်းစားတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦး ဖြစ်သူ ဦးဉာဏ်ဝင်းက ပြောဆိုသည်။

ပြီးခဲ့သည့် စနေ့က ထုတ်ဝေသည့် အစိုးရသတင်းစာများတွင် ဦးဝင်းတင်နှင့် ဦးတင်ဦးကို ဒေါ်အောင်ဆန်းစုကြည် ၏ အကျင့်စာရိတ္တအတွက် သက်သေစာရင်း တင်သွင်းခြင်းသည် မလိုအပ်ကြောင်း ဖော်ပြထားသည်။

ယခု တိုင်းတရားရုံးက ဆုံးဖြတ်ချလိုက်သည့် ဒေါ်ခင်မို့မို့ကို လာမည့် ဇွန်လ ၁၂ ရက်နေ့ ရုံးချိန်းတွင်မှ မည်သည့် ရက်တွင် သက်သေထွက်ဆိုရမည်ကို အင်းစိန်ထောင်တွင်းရှိ မူလ ခရိုင်ရုံးက ပြောမည် ဖြစ်သည်ကြောင်း ရှေ့နေ ကြီး ဦးကြည်ဝင်းကလည်း ပြောပြသည်။

“အင်းစိန်တရားရုံးက အဲဒီကျမှ ဒေါ်ခင်မို့မို့ကို ပြောလိမ့်မယ်၊ အပြီးသတ်လျှောက်လဲချက်ပေးဖို့နဲ့ ဒေါ်အောင်ဆန်း စုကြည်ကို စီရင်ချက်ချမယ့်အချိန်တော့ နည်းနည်းဝေးသွားတာပေါ့”ဟု ဦးကြည်ဝင်းက ဆိုသည်။

၎င်း၏နေအိမ်သို့ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထော တိတ်တဆိတ်ဝင်ရောက်လာမှုနှင့် ပတ် သက်ပြီး တရားရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေထွက်ဆိုရန် မေလ ၂၆ ရက်က တင်ထား သော သတင်းစာဆရာကြီး ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦးနှင့် NLD ရှမ်းပြည်နယ် စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ခင်မို့မို့ တို့ ၃ ဦးကို အင်းစိန်ထောင်တွင်း အထူးတရားရုံးက မေလ ၂၇ ရက်နေ့တွင် ပယ်ချလိုက်ပြီး NLD လပွတ္တာအမတ် ဦးကြည်ဝင်း ၁ ဦး ကိုသာ သက်သေ ထွက်ဆိုရန် ခွင့်ပြုခဲ့သည်။

သက်သေ ၃ ဦးကို တရားရုံးက ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁) အရ ပယ်ချခြင်းဖြစ်သည်။

ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁)မှာ သက်သေ တဦးသည် တရားမျှတမှု လမ်းကြောင်းကို လွဲဖယ်စေရန် ဖန်တီး နိုင်ကြောင်း ယုံကြည်မှုအရ ချမှတ်သော ပုဒ်မ ဖြစ်သည်ဟုသိရှိရသည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဘက်က တရားခံပြသက်သေအဖြစ် ထွက်ဆိုခွင့်ပြုခဲ့သော အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်(NLD) လပွတ္တာ အမတ် ဦးကြည်ဝင်း တဦးသာ မေလ ၂၈ ရက်က သက်သေထွက်ဆိုခဲ့ရသည်။

စစ်အစိုးရ ဘက်ကမူ တရားလိုပြ သက်သေ ၂၃ ဦး စာရင်းတင်ပြခဲ့ပြီး ၉ ဦး ကို ဖယ်ရှားကာ ၁၄ ဦး သက်သေ ထွက်ဆို စေခဲ့သည်။

ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို ကြားနာစစ်ဆေးခဲ့ရာတွင် ၎င်းအနေနှင့် နေအိမ် အကျယ်ချုပ် ကန့်သတ် တားမိန့်များနှင့်ပတ်သက်သည့် မည်သည့် ဥပဒေကိုမျှ မချိုးဖောက်သည့် အတွက် အပြစ်မရှိ ကြောင်း တရားရုံးသို့ လျှောက်လဲ ထွက်ဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂျွန် ၀ီလျံ ယက်ထော အမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ တားဆီးမိန့် ချိုးဖောက်မှု ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင်၍ အစိုးရ တရားလိုပြသက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ ၂၆ နေ့တွင်မှ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ်ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ကျော်ပြီ ဖြစ်သည်။

ဧရာဝတီ ၀က်ဆိုက် သတင်း

No comments:

Post a Comment