Monday, June 1, 2009

အခြေအနေကတောင်းဆိုနေတဲ့ မြေအောက်လှုပ်ရှားမှု

ခလုတ်ထိမှ အမိတတယ်ဆိုတာ လူတိုင်းပါ။ သူမှ ဒီလိုဖြစ်တယ်။ ကိုယ်မှ ဒီလိုဖြစ်တယ်ဆိုတာမျိုး မဟုတ်ပါဘူး။ လူ့ဘဝမှာ ဖြစ်နိုင် ခြေအားလုံးအတွက် ပြင်ဆင်ပြီးသားဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့် စဉ်းစားရသရွေ့ကိုတော့ စဉ်းစားပြင်ဆင်ထားရပါမယ်။
ဒေါ်အောင်ဆန်းစုကြည်ကို မတရားရုံးတင်အကျဉ်းချဖို့ နအဖက ကြိုးစားလာတော့ တချို့က အင်းစိန်ထောင်ကို ချီတက်ကြပြီး တချို့ကတော့ အလစ်အငိုက်ပိုစတာကပ်တာတွေ၊ စာရွက်ကြဲတာ တွေလုပ်ကြတာ တွေ့ရပါတယ်။ တိုက်ပွဲသဏ္ဌာန် အမျိုးအမည်များ တာမို့ ဝမ်းသာရပါတယ်။ ဒါပေမယ့် တဆက်တည်း တွေ့လာရတာ က ဒါလောက်နဲ့ မလုံလောက်၊ လုံးဝမလုံလောက်ဆိုတာပဲ ဖြစ်ပါ တယ်။ ဒါဖြင့်ရင် တိုက်ပွဲအမျိုးမျိုး ပေါ်ပေါက်အောင် သဏ္ဌာန်ကို ဘယ်လိုဖော်ထုတ်မလဲ။ ကိုယ့်အတွက် အထိအခိုက် အနည်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ရေရှည်သယ်ဆောင် သွားဖို့ ဘာနဲ့လုပ်မလဲ။ လက်တွေ့လုပ်မယ့်လူဟာ လက်တွေ့စဉ်းစားရပါမယ်။
ဒီလိုနဲ့ အခုတော့ မြေအောက်လုပ်ငန်း အဆောက်အအုံတွေ၊ ကွန်ရက်တွေ လိုအပ်ကြောင်း သဘောပေါက် နားလည် လာတဲ့သူတွေ များသတက်များလာပါတယ်။ ဒါပေမယ့် တည်ဆောက်ကြ၊ လုပ်ကိုင်ကြတာတွေ တော်တော်များများဟာ စစ်ရောက်မှမြားချွန် ဆိုတာမျိုး ဖြစ်နေပါတယ်။ တချို့ကတော့လည်း မြေအေက်ဆိုတာ ဘယ်လိုလုပ်ရသလဲလို့ အခုမှစူးစမ်း၊ မေးမြန်း၊ လေ့လာတာတွေ လုပ်ကြပါတယ်။ ဘာပဲပြောပြော မလုပ်တာနဲ့စာရင် နောက်ကျတာက တော်သေးတယ်လို့ပဲ ဆိုကြပါစို့။
ဘာဖြစ်လို့ မြေအောက်လုပ်ကြတာလဲ ဆိုတာကို သဘောမပေါက်ကြလို့ နောက်ကျကြတာလို့ ဆိုချင်ပါတယ်။ မြေအောက်လုပ်တယ်ဆိုတာ လွယ်လွယ်ပြောရရင် မြေပေါ်မှာလုပ်မရလို့ဘဲ ဖြစ်ပါတယ်။ မတရားဖိနှိပ်မှု ပြင်းထန်လှတဲ့ အုပ်စိုးသူတွေရဲ့လက်အောက်မှာ နေရတဲ့ အဖိနှိပ်ခံတို့က မိမိတို့ရဲ့ ထွက်ရပ်လမ်းကို ရှာကြရာမှာ မြေအောက်လုပ်ငန်း ဟာ မဖြစ်မနေ လုပ်ရတဲ့ လုပ်ငန်းတခု ဖြစ်လာပါတယ်။ ပြည်သူတရပ်လုံး ဒီမိုကရေစီ အခွင့်အရေးတွေ အပြည့်အဝခံစား ခွင့်ရရင် ဘယ်သူမှ မြေအောက်လုပ်မနေပါဘူး။ လုပ်မယ်ဆိုရင်လည်း ပတ်ဝန်းကျင်က ခွင့်မပြုပါဘူး။ ပေါ်ပေါ်ထင်ထင်၊ လွတ်လွတ်လပ်လပ်လုပ်လို့ရတဲ့ ကိစ္စတရပ်ကို ဘယ်သူကမှ အသက်အန္တရာယ် စွန့်စားပြီး လျှို့ဝှက်သဲဖို လုပ်မနေပါဘူး။
ဒီတော့သမိုင်းမှာ မြေအောက်လုပ်ငန်းကို ဖက်ဆစ်နာဇီတွေလက်အောက်၊ ကိုလိုနီအုပ်စိုးသူတွေ လက်အောက်မှာ လုပ်ကြတာ ရှိသလို နအဖလို ဖိနှိပ်တဲ့ အာဏာရှင်တွေ အောက်မှာလည်း လုပ်ကြပါတယ်။ ဒီနေရာမှာ မြေအောက် လုပ်ငန်းဆိုတာ မတရားဖိနှိပ်တဲ့ အစိုးရတရပ်ကို ဆန့်ကျင့်ဖို့အတွက် အဲဒီ အစိုးရမသိအောင် ဖွဲ့စည်းလှုပ်ရှားတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဒါဟာ မူးယစ်ဆေးဝါးလုပ်ငန်းလို၊ မာဖီးယားဂိုဏ်းလို၊ မှောင်ခိုစီးပွားရေးလုပ်ငန်းတွေလို ဟာတွေကို ဆိုလိုတာ မဟုတ်ဘူးဆိုတာကို ဦးစွာ ရှင်းအောင်ပြောထားဖို့ လိုပါတယ်။ အခုပြောနေတဲ့ မြေအောက် လုပ်ငန်းဆိုတာဟာ နိုင်ငံရေးပြဿနာက အစပြုပြီး နိုင်ငံရေး ဦးတည်ချက်တခုအတွက် လှုပ်ရှားတဲ့ လုပ်ငန်း ဖြစ်ပါတယ်။ အစိုးရ ခွင့်မပြုတဲ့လုပ်ငန်းတိုင်းကို မဆိုလိုပါဘူး။
မြေအောက်လုပ်ငန်းဆိုတာ သူ့ချည်းလှုပ်ရှားရတာ၊ လက်နက်ကိုင်တိုက်ပွဲနဲ့ တွဲဖက်လှုပ်ရှားရတာ၊ လူထုအုံကြွမှုနဲ့ တွဲဖက်ရတာ စသဖြင့် အနေအထားကိုလိုက်လို့ သူ့ရဲ့အခန်းကဏ္ဍတွေက ကွဲပြားပါတယ်။ ဒါကိုတနည်းပြန်ပြောရရင် မြေအောက်လုပ်ငန်းဟာ တိုက်ပွဲသဏ္ဌာန်ပေါင်းစုံကို အထောက်အကူပေးနိုင်တယ်ဆိုတာဖြစ်ပါတယ်။ ဒါပေမယ့် မြေအောက်လုပ်ငန်းအားလုံးဟာ လူထုကိုအခြေခံပြီး လူထုရဲ့ထောက်ခံအားပေးမှုကို အားပြုလုပ်ကိုင်ရတာ ဖြစ်ပါတယ်။ နောက်ပြီး မြေအောက်လုပ်ငန်းဟာ တိုင်းပြည်ရဲ့ နိုင်ငံရေးဇာတ်ခုံပေါ်မှာ တခါတလေမှာ အရန်အခန်း၊ တခါတလေမှာ အဓိကအခန်းရယ်လို့လည်း အခြေအနေအရ ကွဲပြားပါသေးတယ်။
အထက်မှာပြောခဲ့သလိုပဲ မြေအောက်လုပ်ငန်းလုပ်တယ်ဆိုတာ အဖိနှိပ်ခံပြည်သူတွေက မိမိတို့ရဲ့ ရည်မှန်းချက်ကို လွတ်လပ်စွာအကောင်အထည်ဖော်ခွင့် မရတဲ့အတွက် သယ်ဆောင်တဲ့နည်းနာတခုဖြစ်ပါတယ်။ ဒါနဲ့ပြောင်းပြန် အုပ်စိုးသူ၊ အာဏာရနေသူတွေက မြေအောက်လိုလုပ်တယ်ဆိုရင်တော့ ဒါဟာခိုးကြောင်ခိုးဝှက်၊ ကလိမ်ကကျစ် လုပ်တာသာဖြစ်တယ်ဆိုတာ ပြောထားဖို့ လိုပါတယ်။ သူများနိုင်ငံအပေါ်သူလျှိုလုပ်တာ၊ ထောက်လှမ်းရေး လုပ်တာကိုလည်း မြေအောက်လုပ်ငန်းလို့ မဆိုနိုင်ပါဘူး။
တကယ်တော့ ဗမာပြည် ပြည်သူတွေဟာ မြေအောက်လုပ်ငန်း အတွေ့အကြုံ အင်မတန်ကြွယ်ဝတယ်လို့ ပြောရင် ရပါတယ်။ တနိုင်ငံလုံး သူ့ကျွန်ဘဝရောက်တယ်ဆိုတာနဲ့ အင်္ဂလိပ်ကိုလိုနီ တွေကို ပြန်ချဖို့ပြင်ဆင်ကြတဲ့ မင်းညီ မင်းသားများနဲ့ လူထုတွေ၊ ဆရာတော်သံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေက စတွက်လိုက်ရင် ဗမာပြည်ရဲ့ မြေအောက်လုပ်ငန်းသမိုင်းဟာ နှစ်ပေါင်း (၁၂ဝ) ကျော်ပါပြီ။ ဒီလိုမြေအောက်လှုပ်ရှားမှုတွေကနေ ဗမာ့ထွက်ရပ် ဂိုဏ်း၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ရဲဘော်သုံးကျိပ် စတာတွေပေါ် ထွက်လာပြီး လွတ်လပ်ရေးတိုက်ပွဲကို သယ်ဆောင်ခဲ့ကြပါတယ်။ ထောင်ထဲကနေ မြေအောက်လုပ်ငန်းလုပ်သူတွေကတဆင့် လွတ်လပ်ရေး တိုက်ပွဲကို ခေါင်းဆောင်ကြပါတယ်။ လွတ်လပ်ရေးနောက်ပိုင်းမှာလည်း မြေအောက်လှုပ်ရှားမှုတွေ တောက်လျှောက် တည်ရှိခဲ့ပြီး မြို့ပေါ် လူထုအုံကြွမှုကြီးတွေ အမြောက်အမြားကို ဖော်ထုတ်ခဲ့ကြပါတယ်။ တခြားနိုင်ငံတွေမှာလည်း အလားတူ သာဓကတွေ အများကြီးရှိပါတယ်။ ပြောမကုန်ပါ။
ဒါကြောင့် ဗမာပြည်ရဲ့ ၁၉၄၈ ခုနှစ် နောက်ပိုင်း အုပ်စိုးသူလူတန်းစား၊ အထူးသဖြင့် ဆိုရှယ်လစ်ပါတီနဲ့ သူတို့နဲ့ နွှယ်နေတဲ့ စစ်အုပ်စုဟာ မြေအောက်လုပ်ငန်းကို အကြီးအကျယ်ကြောက်ရွံ့ ရွံမုန်းကြပါတယ်။ ဒီလိုနဲ့ပဲ သူတို့ဟာ ပြည်သူတွေကို ဖိနှိပ်ဖို့၊ ခြောက်လှန့်ဖို့၊ အထူးသဖြင့် မြေအောက်လုပ်ငန်းတွေကို ရှာဖွေဖျက်ဆီးဖို့အတွက် ပြည်တွင်း ပြည်ပမှာ နာမည်ဆိုးနဲ့ကျော်ကြားလှတဲ့ ထောက်လှမ်းရေးယန္တရားကြီးတခုကို တည်ဆောက်ထိန်းသိမ်းခဲ့ကြပါတယ်။
ဒါပေမယ့် အခုတော့ အဲဒီထောက်လှမ်းရေးဆိုတာကြီးပဲ အစိပ်စိပ်အမြွာမြွာ ပြိုကွဲဖျက်သိမ်းခံခဲ့ရပြီး မြေအောက် လုပ်ငန်းတွေကတော့ ဆက်လက်တည်ရှိနေ၊ ထပ်မံပေါက်ဖွားနေပါတယ်။ ဒါက ဖော်ပြနေတာက စစ်အုပ်စုရဲ့ ထောက်လှမ်းရေးယန္တရားဟာ တပွဲချင်းမှာ ပြည်သူ့အင်အားစုတွေအပေါ်မှာ အနိုင်ရတာတွေရှိပေမယ့် တရားတခုလုံး အနေနဲ့တော့ အဆုံးမှာ သူတို့ပဲအရှုံးနဲ့ ဇာတ်သိမ်းရတယ်ဆိုတာဖြစ်ပါတယ်။
ဒါပေမယ့် အုပ်စိုးသူအာဏာရှင်များဟာ မြေအောက်လုပ်ငန်းတွေ တည်ရှိနေသရွေ့ သူတို့အတွက် အန္တရာယ်ကြီး လှတာမို့ ဖြိုခွဲဖို့အတွက် ထောက်လှမ်းရေးလို အဖွဲ့အစည်းတွေ ဆက်ထူထောင်နေအုန်းမှာပဲ ဖြစ်ပါတယ်။ တိုးချဲ့နေ၊ အားဖြည့်နေအုန်းမှာလည်း ဖြစ်ပါတယ်။
နအဖအစိုးရဟာ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင် ရုံးတင်လိုက်ခြင်းအားဖြင့် သူတို့ရှေ့ဆက်လျှောက် မယ့်လမ်း၊ ရှေ့ဆက်ကျင့်သုံးမယ့် လမ်းစဉ်တို့ကို ဖော်ပြလိုက်တာဖြစ်တယ်ဆိုရင် မမှားပါဘူး။ အဓိပ္ပာယ်က ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲတွေရဲ့ နောက်မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အဓိကဦးတည်ရန်သူအဖြစ် သဘောထား၊ ၁၉၉ဝ ပြည့်နှစ်က လက်ကျန်အင်အားစုတွေကို မသေမရှင်ထား၊ တက်ကြွသူတွေကို ထောင်ထဲ၊ ဒါမှမဟုတ် ပြည်ပ၊ ဒါမှမဟုတ် တောထဲကိုမောင်းပို့ဆိုတဲ့ ပေါ်လစီကို ဆက်လက်ကျင့်သုံးသွားမယ် ဆိုတာပါပဲ။
ဗမာပြည်ရဲ့ ရှေ့အလားအလာဟာ အလင်းရောင်မမြင်ရတာ မဟုတ်ပါဘူး။ ဒါပေမယ့် စိတ်ကူးယဉ်လို့မရတာတော့ အမှန်ပါပဲ။ လူသားစားကျားကို တဖြည်းဖြည်းချင်းနဲ့ ဟင်းသီးဟင်းရွက်ပဲစားလာအောင် လေ့ကျင့်ပေးသွားမယ်ဆို တာမျိုး မတွေးသင့်ပါဘူး။ ရေရှည်တိုက်ပွဲအတွက် စနစ်တကျပြင်ဆင်ရပါမယ်။ အဲဒီလို ပြင်ဆင်ရာမှာ အချို့သော တက်ကြွသူတွေက မြေအောက်လုပ်ငန်းအတွက် သီးသန့်ပြင်ဆင်တာကိုလည်း အာရုံထားလုပ်ရပါမယ်။
အပျော်တမ်းဆံမှု၊ တပွဲတိုးဆံမှုတွေကို ဆန့်ကျင်ပြီး ရေရှည်အတွက် အမြင့်ဆုံးစွန့်လွှတ်မှုကိုပါ ပိုင်းဖြတ်ပြီး စနစ်တကျ လုပ်ရပါမယ်။ ယူဂျီလုပ်တယ်ဆိုတာ အချိန်အားရှိလို့ အပျော်ကစားတာ မဟုတ်ပါဘူး။ သဘောတရား တခုကို လက်တည့်စမ်းတာမဟုတ်ပါဘူး။ ဖြစ်ကတတ်ဆန်း၊ တော်ရိလျော်ရိလုပ်လို့ မဖြစ်ပါဘူး။ စစ်တိုက်သလိုပဲ အသက်ပေါင်း၊ ဘဝပေါင်းများစွာကို အရင်းအနှီးပြုပြီး လုပ်ကိုင်ရတာဖြစ်တယ်ဆိုတာ သဘောပေါက်ဖို့ဟာ အလွန်အရေးကြီးပါတယ်။
နေရာတကာ၊ အလွှာပေါင်းစုံ၊ လူတန်းစားပေါင်းစုံ၊ လုပ်ငန်းပေါင်းစုံထဲမှာ မြေအောက်ကွန်ရက်တွေဖြန့်ကြက် တည်ဆောက်ရပါမယ်။ ဒီလိုနဲ့ နအဖစစ်အာဏာရှင်တွေကို ဆန့်ကျင်တဲ့ ဘယ်လိုလှုပ်ရှားမှုမျိုးကိုမဆို နည်းမျိုးပေါင်းစုံနဲ့ တွဲဖက်ပေါင်းစပ်ကာ အောင်ပွဲဆီ အတူတက်လှမ်းနိုင်ပါမယ်။

ရဲဘော်ဖိုးသံချောင်း၏ ဆောင်းပါးအားပြန်လည်ဖော်ပြခြင်း ။

No comments:

Post a Comment