ဒေါ်အောင်ဆန်းစုကြည် နေအိမ်ထဲ ဂျွန်ဝီလျံယက်တောဆိုတဲ့ အမေရိကန်ကြီးတဦး နှစ်ရက်ကြာ ၀င်ရောက်တည်းခိုသွားတယ်ဆိုတဲ့ သတင်းကြားရတော့
ဗိုလ်အောင်ဒင်ဇာတ်ကားထဲက စုံထောက်ကြီး ဦးဘချစ် သတင်းစာဖတ်ရင်း အကြီးအကျယ် ဒေါဖောင်းသွားတဲ့ သတင်းခေါင်းစီးကို သွားသတိရမိတယ်။
“ပုလိပ်တွေ ဘာလုပ်နေကြ သလဲ၊ လူဆိုးတွေမှာ ကိုယ်ပျောက်ဆေးရှိသလား” ဆိုတဲ့ သတင်းခေါင်းစီးပါ။ အခုလည်း နအဖ ဗိုလ်ချုပ်မှူးးကြီး သန်းရွှေနဲ့
အပေါင်းအပါတွေကို “နအဖတတွေ ဘာလုပ်နေကြသလဲ၊ ယက်တောမှာ ကိုယ်ပျောက်ဆေးရှိသလား” ဆိုပြီး
ခေါင်းစီးတပ် ရေးရမလိုဖြစ်နေပြီ။ ရယ်ရပုံများ ပြောပါတယ်။
ရယ်မောခြင်းရဲ့ နောက်ကွယ်မှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်အတွက်လည်း စိုးရိမ်ပူပန်စိတ် အကြီးအကျယ် ဖြစ်မိပါတယ်။
တကယ်ဆို ကိုယ်အကျယ်ချုပ်ချထားတဲ့ လူထုခေါင်းဆောင်အတွက် အလုံးစုံတာဝန်ယူရမှာက နအဖပဲလေ။
အပြစ်မရှိတဲ့သူကို ကိုယ့်ဒုက္ခကိုယ်ရှာပြီး သူတို့ နေအိမ်အကျယ်ချုပ် ချထားချင်တာကိုး။
ဒေါ်အောင်ဆန်းစုကြည်က ကျမအိမ်ကို လာစောင့်ရှောက်ပေးပါလို့ နအဖကို လုံခြုံရေးအနေနဲ့ ငှားထားတာမှ မဟုတ်တာ။
အဲဒီတော့ ယက်တောဆိုတဲ့ အမေရိကန်ကြီး အင်းလျားကန်ထဲကပဲ ကုန်းတက်လာ ကုန်းတက်လာ၊ ခြံစည်းရိုးကိုပဲ သူခိုးကြီး ငတက်ဖြားလို ခုန်ဝင် ခုန်ဝင်၊
မိုးပေါ်ကပဲ ကြောင်ကျ ကျလာ ကျလာ၊ လုံခြုံရေးတွေရှိတဲ့ ၀င်းတံခါးကပဲ ကိုယ်ပျောက်ဝိဇ္စာလို ကိုယ်ယောင်ဖျောက်ပြီး ၀င်သွား ၀င်သွား
လုံးဝတာဝန်ရှိတာကတော့ နအဖစစ်အုပ်စုမှာပါပဲ။ လုံခြုံရေးအပြည့်ပေးရမှာ သူတို့တာဝန်ပါ။ သူတို့ မတရားသဖြင့် အကျယ်ချုပ်ထားတာမို့လို့ပါ။
တကယ်လို့များ မပြောကောင်း မဆိုကောင်း ယက်တောက စိတ္တဇလူသတ်သမား ဖြစ်နေတယ် ဆိုကြပါစို့။ သူ နအဖလုံခြုံရေးတွေ မသိလိုက်ဘဲ ခိုးဝင်သွားလို့
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ပါတဲ့အထိ ဖြစ်သွားပါပြီတဲ့။ နအဖ ဘယ်လိုမျိုးဆင်ခြေတွေ ပေးမလဲ၊ ဘာလုပ်ပေးမှာလဲ စဉ်းစားကြည့်မိတော့
ကြက်သီးမွေးညင်း တောင် တော်တော်ထသွားမိတယ်။ အဲဒီလိုမျိုးများဖြစ်ခဲ့ရင် နအဖက ကျွန်တော်မျိုးတို့ မသိလိုက်လို့ ဖြစ်သွားတာပါ ခင်ဗျားလို့
ဆင်ခြေဆင်လက်ပေးရုံနဲ့ ပြီးနိုင်မလား။ ပြည်သူလူထုကြီးနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကရော အဲဒီအဖြေကို လက်ခံမလား။
ဒေါသတွေ ဘယ်လောက်တောင်များ ပေါက်ကွဲလိုက်ကြလေမလဲ။ အဲဒီပေါက်ကွဲမယ့် ဒေါသမုန်တိုင်းနဲ့ တင် နအဖ လွင့်စဉ်သွားလောက်မယ်ထင်ပါရဲ့။
၁၉၈၃ ခုနှစ် သြဂုတ်လ (၂၁) ရက်နေ့က ပြည်တော်ပြန်လာခဲ့တဲ့ ဖိလစ်ပိုင် အတိုက်အခံခေါင်းဆောင် ဘင်နစ်နိုအကွီနိုရဲ့
ဖြစ်အင်ကို အခုထိ အမှတ်ရနေမိပါသေးတယ်။ မနီလာလေဆိပ်အရောက်မှာ ဖိလစ်ပိုင်အာဏာရှင် မားကို့စ်က ဘင်နစ်နိုအကွီနိုကို တဖက်လှည့်နဲ့ လုပ်ကြံခိုင်းလိုက်တယ်။
ဒါပေမယ့် အဖြစ်မှန်ကို ဖိလစ်ပိုင်လူထုကြီးက သိသွားပြီး အကြီးအကျယ် အုံကြွပေါက်ကွဲပါလေတော့တယ်။ ဖိလစ်ပိုင်လူထုရဲ့ ဒေါသမုန်တိုင်းကြောင့်ပဲ
မကြာမတင်မှာ ဗိုလ်ချုပ်ကြီးရာမို့စ် ခေါင်းဆောင်တဲ့ ဖိလစ်ပိုင်စစ်တပ်က အတိုက်အခံခေါင်းဆောင်သစ် မုဆိုးမ ကိုရာဇန်အကွီနိုနဲ့ ပေါင်းသွားခဲ့တယ်။
အဲဒီနောက် အာဏာရှင်မားကို့စ် ဖနောင့်နဲ့တင်ပါး တသားတည်း ပြေးခဲ့ရပါလေရောလား။ ဒီကနေ့အထိ မျက်စိထဲက မထွက်သေးတဲ့ ဖြစ်ရပ်ပါ။
အဲဒီလို နမူနာမျိုးတွေ ရှိနေလေတော့ နအဖအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ထဲမှာနေရင်း တစုံတခုဖြစ်သွားမှာ မျိုးတော့ လုံးဝအဖြစ်မခံရဲမှာ
အသေအချာပါပဲ (ဒီပဲယင်းမှာ သွားရင်းလာရင်း ၀ိုင်းအရိုက်ခံရတာမျိုးက တမျိုးပေါ့လေ။ အဲဒီတုန်းကလည်း မပြောကောင်း မဆိုကောင်း ဒေါ်အောင်ဆန်းစုကြည်
အသက်ပါသွားခဲ့လို့ကတော့ မြန်မာပြည်သူ လူထုရဲ့ ဒေါသနဲ့ ဗိုလ်သန်းရွှေတို့ လူသိုက် အခုလောက်ဆို စစ်ဘောင်းဘီတခြား ကိုယ်တခြား ဖြစ်နေလောက်ပြီ ထင်ပါရဲ့)။
ဘာကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် တခုခုဖြစ်သွားခဲ့ရင် ပေါက်ကွဲထွက်လာမယ့် (ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးအားထားပြု လေးစားကြည်ညိုတဲ့)
မြန်မာပြည်လူထုကြီးရဲ့ သေမထူးနေမထူး ဒေါသကို ဗိုလ်သန်းရွှေတို့ နအဖတသိုက် စိုးရွံ့လို့ပါပဲ။
အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် တစုံတခုဖြစ်မှာကို စိုးရွံ့မယ့် နအဖအနေနဲ့ သူတို့မသိဘဲ
ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်းထဲကို လူတယောက်လုံးမပြောနဲ့ ခွေးတကောင် မျက်စိလည်လမ်းမှားပြီး ၀င်မယ်ဆိုရင်တောင် ခွင့်ပြုမှာ မဟုတ်ပါဘူး
(ခွေးရူးကိုက်ရင်လည်း အဆင့်မသင့်ရင် အသက်အန္တရာယ် ရှိတတ်တာကိုးခင်ဗျ)။
ဒီလိုအခြေအနေမျိုးမှာ ယက်တော ၀င်လာတယ်ဆိုတော့ အကြီးအကျယ် စဉ်းစားစရာပေါ့။ ဒါက ပထမတချက်။
နောက်တချက်က ဒီ ယက်တောဆိုတဲ့ အမေရိကန်ကြီးက နအဖက ဖမ်းမိတယ်ဆိုတဲ့ အခုအခေါက်မှ ပထမဆုံးအကြိမ် ခိုးဝင်တာမဟုတ်ပါဘူး။
၂၀၀၈ တုန်းကတည်းက ပထမအကြိမ် ခိုးဝင်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းက သက်ဆိုင်ရာ အာဏာပိုင်တွေဆီ အကြောင်းကြားခဲ့ပြီး ဖြစ်ပါတယ်။
ဒါကို အခုတခေါက် မြန်မာပြည်ထဲ ထပ်ဝင်ဖို့ ပြည်ဝင်ခွင့်ဗီဇာ ထပ်ထုတ်ပေးတယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်အိမ်ထဲ ခိုးဝင်ဖူးတဲ့သူမှန်း သိထားရဲ့သားနဲ့
ဘာ့အတွက်ကြောင့် ဗီဇာထပ်ထုတ်ပေးသလဲဆိုတာ စဉ်းစားစရာ ဖြစ်မနေပေပြန်ဘူးလား။ ဒါက ဒုတိယတချက်။
အဲဒီတော့ ပထမအချက်က ကိုယ်ဖမ်းထားတဲ့ လူထုခေါင်းဆောင်ရဲ့ လုံခြုံရေးကို တာဝန်မယူနိုင်မှု၊ ဒုတိယအချက်က သိသိကြီးနဲ့ ထောင်ချောက်ဆင် ဟပေးထားမှု၊
အဲဒီနှစ်မှုထဲက တမှုနဲ့တင် နအဖမှာ အပြစ်လုံးဝရှိနေပြီဆိုတာ အသေအချာပြောနိုင်ပြီ ဖြစ်ပါတယ်။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန်ကို ဖမ်းသွားပြီး
အခုအထိ ဘယ်မှာထိန်းသိမ်းထားမှန်း မသိရတာကလည်း (ဆောင်းပါးရေးပြီးချိန်မှာတော့ ဒေါက်တာတင်မျိုးဝင်း ပြန်လွတ်လာပြီလို့ သိရပါတယ်) နအဖရဲ့ မရိုးမသားလုပ်ကြံမှုကို
ပိုပြီးသံသယကြီးထွားစေပါတယ်။ ဘာတခုမှ ပွင့်လင်းမြင်သာမှု၊ ရိုးသားမှု မရှိလို့ပါ။
အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်က ယက်တောကို ဘာဖြစ်လို့ တည်းခွင့်ပြုရတာလဲ ဆိုတဲ့အထိတောင် တောင်တောင်အီအီ စဉ်းစားစရာ မလိုတော့ဘဲ
ဗိုလ်သန်းရွှေတို့ စစ်အုပ်စုရွှေ့တဲ့ ကလေးကွက်က ဘွားဘွားကြီး ပေါ်နေတာကို တွေ့ရမှာပါ။ စဉ်းစားလည်းပဲ ဒေါ်အောင်ဆန်းစုကြည်ဆိုတာက
ကိုယ့်ကျင့်သိက္ခာနဲ့ ပြည့်စုံတဲ့ နိုင်ငံတကာသိ လူထုခေါင်းဆောင်တယောက်၊
အိမ်မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီးအဖွဲ့ဝင် ဒေါ်ခင်ခင်ဝင်းနဲ့ သမီးဖြစ်သူ မ၀င်းမမတို့ အတူရှိနေတယ်၊
နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လူတဖက်သားကို ဒုက္ခရောက် နစ်နာစေလိုတဲ့ ဆန္ဒမျိုး ရှိသူမဟုတ်၊
အဲဒါကြောင့် ယက်တောကို နှင်မထုတ်တာ အဆန်းလားလို့ မေးခွန်းပြန်ထုတ်လိုက်ရုံပေါ့။ ယက်တော ၀င်လာပြီဆိုကတည်းက
နအဖအပြစ် လုံးလုံးကြီး ဖြစ်နေတဲ့ဟာကိုးလေ။ တကယ်ဆို ရှင်းပြနေစရာတောင် မလိုပါဘူး။
အဲဒီလိုကလေးကွက်ကို နအဖ ဘာကြောင့်ရွှေ့ခဲ့သလဲ။ ရှင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ရက်စေ့တော့ မှာရယ်၊
သူတို့ရဲ့ ကလိန်စေ့ငြမ်းဆင် လမ်းပြမြေပုံအတွက် အနှောက်အယှက်လို့ ယူဆတဲ့ ဒေါ်အောင်ဆန်းစုကြည်က
ို ၂၀၁၀ ကျင်းပပြီးတဲ့အထိ ဆက်ဖမ်းထားချင်လို့ရယ် ကြံရမရဖြစ်ပြီး သူတို့လုပ်မိတာဖြစ်ပါတယ
် (မပိရိတာတခုတော့ နအဖကို သနားဖို့ကောင်းပါတယ်)။ အဲဒီလို သူတို့အပြစ် လုံးလုံးလျားလျားကို ဒေါ်အောင်ဆန်းစုကြည်အပြစ်လို့ ပုံချပြီး
အင်းစိန်ထောင်ကို ခေါ်သွားတယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြည်ညိုတဲ့ လူထုအနေနဲ့ ဒေါသအရှိန် အဟုန် မြင့်တက်လာတာ
မဆန်းပေဘူးပေါ့။ နဂိုကတည်းကမှ ကိုယ့်လူထုခေါင်းဆောင်ကို မတရားဖမ်းဆီးချုပ်နှောင် ထားလို့ ဒေါသထွက်နေရတဲ့အထ
ဲ အခုလို ယုတ်မာကောက်ကျစ်လေတော့ ဒေါသအရှိန်ပိုမြင့်ပြီပေါ့။
ဒါပေမယ့် ဒါဟာ လူထုရဲ့ ဦးဆောင်ပါတီ အန်အယ်လ်ဒီအတွက်တော့ အဆိုးထဲက အကောင်းလို့ ပြောရမယ့် အခြေအနေပါ။
ဗိုလ်သန်းရွှေ ရွှေ့လိုက်တဲ့ ကလေးကွက်ကြောင့် လူထုရဲ့ ဒေါသအရှိန်အဟုန် မြင့်လာတာဟာ နအဖစစ်အုပ်စုအတွက်
စိုးရိမ်စရာဖြစ်ပေမယ့် တလျှောက်လုံး မတရားသဖြင့် အနှိပ်ကွပ်ခံခဲ့ရတဲ့ အန်အယ်လ်ဒီပါတီ အတွက်တော့ လူထုအားနဲ့
တိုက်ခွင့်ရမယ့် တကယ့်မဟာအချက်ပါ။ လူထုရဲ့ ဒေါသရေချိန်မြင့်တက်လာချိန်မှာ လူထုတိုက်ပွဲဖော်ပြီး နအဖကို စိန်ခေါ်ဖို့ တကယ့်အခွင့်အခါကောင်းပဲ ဖြစ်ပါတယ်။
အန်အယ်လ်ဒီအနေနဲ့ လူထုတိုက်ပွဲကနေ အဆုံးသတ်တိုက်ပွဲအထိ ဦးဆောင်ဖို့ မထင်မှတ်ဘဲ အခွင့်အရေးရတာလို့ ပြောရမှာဖြစ်ပါတယ်။
အဲဒါကြောင့်မို့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအဖြစ်က နှုတ်မထွက်ချင်တဲ့ ဦးအောင်ရွှေတို့၊ ဦးလွင်တို့ အနေနဲ့ ရွှေဝါရောင်တုန်းကလို အိမ်တွင်းပုန်းလုပ်မနေကြဘဲ
လူထုရှေ့က မားမားမတ်မတ်ထွက်ပြီး (သမိုင်းတရားခံ မဖြစ်ရလေအောင်) ရဲရဲတောက် ဦးဆောင်ပေးကြဖို့ အချိန်ကျရောက်နေပြီဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရ ပါတယ်။
Ref : : ခေတ်ပြိုင်အွန်လိုင်းဂျာနယ်မှာ ဒေါက်တာလွန်းဆွေ၏ ဆောင်းပါးဖြစ်ပါသည် ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment