Sunday, June 7, 2009

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသာ အကျဉ်းသားအစစ်



ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုစစ်ဆေးနေသည့် တရားခွင်က ရန်ကုန်မြို့တွင် ဒုတိယအပတ်အဖြစ် ဆက်လက်စစ် ဆေးနေဆဲကာလ၌ ဤသတင်းက နိုင်ငံတကာ၏ ထိပ်တန်းအာရုံစိုက်မှုကို ခံနေရဆဲ ဖြစ်သည်။

လူထုမြင်ကွင်းအောက်မှ နှစ်အတန်ကြာ ပျောက်နေခဲ့ရပြီး ယခု ပြန်လည်မြင်တွေ့ကြရသည့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ခေါင်းဆောင်က နိုင်ငံတကာထောက်ခံမှုကို ဆက်လက်၍ သိမ်းကျုံးဆွဲငင်နိုင်ဆဲ ဖြစ်သည်။ စစ်အာဏာပိုင်များက တဖက်သတ်ကျူးလွန်နေသည့် မတရားမှုကို ရင်ဆိုင်နေရသည့်တိုင် သူက တည်တည်ငြိမ်ငြိမ်ဖြင့် အာခံမှုကို ပြသနေ ဆဲဖြစ်သည်။

တကယ့် အမှန်တရားမှာ လူအများက ဒေါ်အောင်ဆန်းစုကြည်ကို နက်နက်ရှိုင်းရှိုင်း လေးစားကြဆဲ၊ ချစ်ခင်မြတ်နိုးကြဆဲ ဖြစ်သည်။ သူ့ကို လူအများက လေးစားကြည်ညိုကြသည့်အကြောင်းကို မေလ ၂၆ ရက်နေ့ တရားခွင်တွင် တွေ့မြင်ခဲ့ကြရသည်။ ဒေါ်အောင်ဆန်းစုကြည် တရားခွင်အတွင်းသို့ ၀င်လာကြသည့်အခါ နိုင်ငံခြားသံအမတ်များ၊ သတင်းထောက်များနှင့် တချို့သောလုံခြုံရေးအရာရှိများကပင်မတ်တတ်ရပ်အရိုအသေပေးခဲ့ကြပြီး အာဏာပိုင်များကို အံ့အားသင့် ကသိကအောင့် ဖြစ်စေခဲ့သည်။

ဖိအားမျိုးစုံကြုံနေရသော မြန်မာနိုင်ငံ၏ ဒီမိုကရေစီလှုပ်ရှားမှုတွင် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်နေရာမှာရှိနေဆဲ ဆိုသည်မှာ မည်သူမျှငြင်းနိုင်သည့်ကိစ္စ မဟုတ်ပါ။ ယခုလို မတရားသည့်အင်းစိန်ထောင်တရားခွင်ကြောင့် နိုင်ငံတကာ လူထု က အမျက်ဒေါသထွက်ရသလို၊ စစ်အစိုးရအပေါ် ပြစ်တင်ရှုတ်ချမှုလည်း အတောမသတ်ပေါ်ထွက်လာခဲ့သည်။

အမေရိကန် သမ္မတ ဘားရက်အိုဘားမား၏ အစိုးရအဖွဲ့က မြန်မာစစ်အစိုးရအပေါ် ပြစ်ဒဏ်ခတ် အရေးယူထားမှုကို သက်တမ်းဆက်တိုးခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံအတွက်သတ္တိနှင့်စွန့်လွှတ်အနစ်နာခံစိတ်ကို ချီးကျူး ဂုဏ်ပြုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က မျှော်မှန်းသည့် သာယာဝပြောသည့် ဒီမိုကရေစီနိုင်ငံတော် ဖြစ်မြောက်လာစေရေး မျှော်မြင်ချက်ကိုလည်း သူက ထောက်ခံပြောဆိုခဲ့သည်။

"အခုအချိန်မှာ မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ စွဲဆိုနေတဲ့ ပြစ်မှုတွေအားလုံးကို ပြန်ရုပ်သိမ်းဖို့ လိုအပ် ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ လိုအပ်ပါတယ်" ဟု သမ္မတ အိုဘားမားက ထုတ်ပြန် တောင်းဆိုခဲ့သည်။

အဆင့်မြင့်နိုင်ငံတကာ ခေါင်းဆောင်များက မေတ္တာရပ်ခံခဲ့ကြသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စိတ်ထဲတွင် အကြောက်တရားက လွှမ်းမိုးနေဆဲ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ဆက် လက် ချုပ်နှောင်ထားမှ ဖြစ်မည်ဟု ဆုံးဖြတ်ထားဆဲပင် ဖြစ်သည်။ စစ်အစိုးရခေါင်းဆောင်ကြီးက အကြောက်တရားနှင့် စိတ္တဇကဲသော အခြေ အနေအောက်တွင် နေထိုင်နေသူလည်း ဖြစ်သည်။
ဗိုလ်ချုပ်သန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့မှာ နိုင်ငံရေးအယူအဆတခုအတွက် ယှဉ်ပြိုင်တိုက်ခိုက်ကြရာတွင် တန်းတူ လက်ရည်တူများ မဟုတ်ပေ။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ ဒီမိုကရေစီအရေးနှင့် လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေခြင်း ဖြစ်ပြီး၊ ဗိုလ်ချုပ်သန်းရွှေက နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် သူ၏အကျဉ်းစခန်းနှင့် မြန်မာနိုင်ငံကို ဆင်းရဲမွဲတေစေရန် ဆက်လက်ပိတ်ဆို့ အုပ်ချုပ်နိုင်ရေးအတွက် အားပြိုင်နေကြခြင်း ဖြစ်သည်။ သူက ဒေါ်အောင်ဆန်း စုကြည် အပေါ်ထားသည့် အမုန်းတရားမှာလည်း နှိုင်းဆမရနိုင်အောင် ကြီးမားလှသည်ဟု ဆိုကြသည်။

သို့အတွက်ကြောင့်လည်း အတိုက်အခံ အသိုင်းအ၀န်း၊ မြန်မာ့နိုင်ငံရေး စောင့်ကြည့်လေ့လာနေသူများနှင့် ဒေါ်အောင်ဆန်း စုကြည်၏ ရှေ့နေ ကိုယ်တိုင်က ယခုလို နိုင်ငံတကာဖိအားပေးခြင်းဖြင့် ဗိုလ်ချုပ်သန်းရွှေက တလက်မပင် မရွေ့နိုင်၊ ဆက်၍ ခေါင်းမာနေဦးမည် ဖြစ်သည်ဟု သူတို့စိုးရိမ်ချက်ကို ဖော်ပြခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မာ့ခ် ကန်းနင်း (Mark Canning) က ဗြိတိန်နိုင်ငံထုတ် နေ့စဉ်သတင်းစာ သည်ဂါးဒီယန်း (The Guardian) ကို ပြောခဲ့ရာ၌ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့သည့်အပေါ် ဖြစ်လာသည့် နိုင်ငံ တကာ၏ ဆန့်ကျင်မှုများကြောင့် စစ်အစိုးရက အနည်းငယ်ပြန်ဆုတ်ခဲ့ပုံရကြောင်း၊ သို့သော်လည်း သူက ဒေါ်အောင်ဆန်း စုကြည်ကို ပြန်လွှတ်ပေးလိမ့်မည်ဟုတော့ မမျှော်လင့်ကြောင်း ဆိုသည်။ အကယ်၍ ဆက်ပြီးဖိအားပေးနိုင်ပါက တရားရုံး အနေနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ်သက်သက်ညှာညှာ ပြစ်ဒဏ်ချဖွယ်ရှိကြောင်း ပြောခဲ့သည်။

"အခုကိစ္စမှာ နောက်ဆုံးအပြစ်ရှိတယ်ဆိုပြီး ပြစ်ဒဏ်ချမှာနဲ့ အဆုံးသတ်လိမ့်မယ်ဆိုတာကို ကျနော်သံသယ မရှိပါဘူး၊ ဒါ ပေမယ့် သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲမှာ ၅ နှစ်ထားတာထက်စာရင်၊ နောက်ထပ် အိမ်အကျယ်ချုပ် တနှစ်ထပ်ချတာမျိုး သူတို့ ရည်မှန်းချက်ကိုတော့ လျှော့ပေါ့နိုင်ပါတယ်" ဟု မာ့ခ် ကန်းနင်းက ဆိုသည်။

"ဒီနည်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နောက်နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မပါဝင်နိုင်အောင်လုပ်မှာပါ၊ အခုကိစ္စမှာ ချုပ်ပြောရရင်တော့ ဒါပါပဲ"ဟုလည်း သူက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်အကြောင်းကြောင့် နိုင်ငံတကာဖိအားများ တိုးတက်လာပုံနှင့် သတင်းများက အလေး ပေးဖော်ပြနေကြပုံမှာ အထူးအံ့သြဖွယ် ဖြစ်သည်။ သို့သော်လည်း ဤမျှလောက်နှင့် ခေါင်းမာလွန်းသည့် ဗိုလ်ချုပ်သန်းရွှေ ၏ အာဃာတ အမုန်းတရားကို ချေဖျက်ရန်ဆိုသည်မှာ မဖြစ်နိုင်သေးပါ။

ဗိုလ်ချုပ်သန်းရွှေနှင့် ကျန်စစ်ဗိုလ်ချုပ်များက ပြီးခဲ့သည့် အတိတ်ကာလကလည်း အလားတူ မတရားခုံရုံးများဖြင့် အတိုက် အခံများ၊ သဘောထားကွဲလွဲသူများကို နှိပ်ကွပ်ထောင်ချခဲ့ကြပြီး နိုင်ငံတကာနှင့် ပြည်တွင်းက ဖိအားပေး တောင်းဆိုလာ သမျှကိုလည်း ခေါင်းမာမာဖြင့် တင်းခံခဲ့ကြသည်။ တလိမ်ပေါ် နှစ်လိမ်ဆင့်ကာ တုံ့ပြန်ခဲ့ကြသည်။

ဗိုလ်မှူးချုပ်မြင့်သိန်းက စစ်အစိုးရအနေနှင့် ပြီးခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထိန်းသိမ်းထားမှုကို ပြန်လွှတ်ပေးရန် ရည်ရွယ်ချက်ရှိခဲ့ကြောင်း လိမ်ညာပြောဆိုခဲ့သေးသည်။ သို့သော်လည်း အမေရိကန်ရေကူးသမား ဂျွန် ၀ီလျံ ယက်ထော ယခုလို ကျူးကျော်ဝင်ရောက်ခဲ့မှုကြောင့် "မလွှဲမရှောင်သာ၊ ၀မ်းနည်းစွာဖြင့် တရားဥပဒေကြောင်းအရ ဒေါ်အောင်ဆန်း စုကြည်ကို အရေးယူခဲ့ရသည်"ဟုလည်း ဆိုခဲ့ပြန်သည်။ မည်သူက ဤဆင်ခြေကို ယုံကြည်ကြပါမည်နည်း။

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ပင် ဒေါ်အောင်ဆန်းစုကြည်က လိမ်ညာ လည်ဆည်၍ ပြောဆိုတတ်သူလည်း မဟုတ်ပေ။ ဒေါ်အောင်ဆန်းစုကြည်က သူ့တွင်အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ပြီး သူက မစ္စတာ ယက်ထော ကို ခေတ္တနားခိုခွင့်ပေးခဲ့ခြင်းသာ ဖြစ်သည်ဟု ပြောခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်သို့ လူတချို့ကိုလေ့လာခွင့်ပေးစဉ်က နားထောင်လေ့လာခွင့်ရခဲ့သော ၀ါရင့်မြန်မာ သတင်းထောက်တဦးကမူ ယခုလို တရား ရင်ဆိုင်နေရချိန်၌ပင် ဒေါ်အောင်ဆန်းစုကြည်က တည်ကြည်ကြက်သရေရှိစွာ တုံ့ပြန်ခဲ့ကြောင်း သူ၏အမြင်ကို ပြန်ပြောပြသည်။ "သူ့အတွက် ဂုဏ်ယူရသလို၊ သူ့အပြုအမူအပေါ်မှာလည်း လေးစားရ တယ်"ဟု ၎င်းက ပြောပါသည်။ မြန်မာပြည်သူ တိုင်းက အလားတူပြောဆိုကြလိမ့်မည် ဖြစ်သည်။ ဗိုလ်ချုပ်သန်းရွှေနှင့် သူဦးဆောင်နေသည့် စစ်အစိုးရကို ရွံမုန်းနေကြရာ လူအများက ဤသို့သာ ပြောဆိုတုံ့ပြန်ကြလိမ့်မည်ဖြစ်သည်။

သို့သော်လည်း ၀မ်းနည်းဖွယ်ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးနေသည့် တရားခွင်၏ ဆုံးဖြတ်ချက်ကို ရေးသား ထားပြီးသား ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် အင်းစိန်ထောင်အတွင်း၌ အချိန်တချို့ကို ဖြတ်သန်းရလိမ့်ဦးမည် ဖြစ်သည်။ ကျန်သည့် မေးခွန်းမှာ မည်မျှကြာကြာ ကျခံရမည်နည်းဟူသော မေးခွန်းသာ ရှိတော့သည်။

အကယ်၍ မာ့ခ် ကန်းနင်း၏ အဆိုသာ မှန်ခဲ့ပါက အများဆုံးထောင်ဒဏ် ၅ နှစ် ချမည့်အနေအထားမှ ဖိအားများကြောင့် ပို၍ သက်ညှာသောထောင်ဒဏ်ကို စဉ်းစားလာဖွယ် ရှိပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်အကျဉ်းချထားချိန် မည်မျှ ကြာမြင့်သည်ဖြစ်စေ၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း တခြားသော နိုင်ငံရေးအကျဉ်းသားများနည်းတူ ကြုံလာရမည့် အရေးကို သတ္တိသွေးအပြည့်ဖြင့် ဆုံးဖြတ်ထားပြီး ဖြစ်ပါသည်။

သမ္မတ အိုဘားမားကဲ့သို့သော ကမ္ဘာ့ခေါင်းဆောင်များ၏ ထုတ်ပြန်ကြေညာချက်များကိုပင် ဗိုလ်ချုပ်သန်းရွှေက မဖတ်ဘဲ၊ အလေးမထားဘဲလည်း နေကောင်းနေနိုင်သည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် ကမ္ဘာကဤမျှ စာနာ ထောက်ခံကြသည့် အပေါ်တွင်တော့ ကျွဲမြီးတိုနေနိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို လူအများကမေ့ထားသည့် အဖြစ် မျိုး သူက ဖြစ်စေလိုသည်။ သို့သော်လည်း ရည်မှန်းချက်နှင့် လွဲချော်၍ ရလဒ်ထွက်လာခဲ့သည်။

ဤအချက်ကြောင့်ပင် ဗိုလ်ချုပ်သန်းရွှေက ရှုံးရပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်က မတရားသည့်ခုံရုံးရှေ့တွင် ရပ်၍ ရင်ဆိုင်နေရသည် ဖြစ်စေ၊ အစစ်အမှန်အကျဉ်းသားမှာ ဗိုလ်ချုပ်သန်းရွှေသာ ဖြစ်သည်။ သူ၏ မစ္ဆေရိယ မလိုမုန်းထား စိတ်များ၊ မပြည့်မြောက်ရသည့် ရည်မှန်းချက်များအတွက် ဖြစ်နေရသည့် စိတ္တဇအကျဉ်းသား အစစ်မှာ ဗိုလ်ချုပ်သန်းရွှေ ကိုယ်တိုင်ပင် ဖြစ်နေပါတော့သည်။

အောင်ဇော်ရေးသားသည့် Than Shwe Is the Real Prisoner, not Suu Kyi ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

Irrawaddy.သတင်းမှာ့ ကူးယူဖော်ပြပါသည် ။ ။

2 comments:

  1. Help US to fight for better Burma.

    Expose the truth , raise your moral to respectable ground.

    Don't do " lowlife" method.



    campaign - http://tr.im/monmyat

    blood-dripping http://tr.im/zawgyi

    the truth - http://bit.ly/ArHman

    ReplyDelete