Saturday, July 23, 2011

Kenny G - The Moment

Thursday, October 1, 2009

ပရိယတိဆရာတော်





သူငယ်ချင်းမိတ်ဆွေများက အကူအညီတောင်းတာနဲ့ နေမကောင်းတဲ့ကြားကပဲ ကျွန်တော်လဲ
မိတ်ဆွေရဲ့ လက်စွဲတော် ကင်မရာလေးကိုဌားပြီး ပရိဟိတ လုပ်နေတဲ့ ဗဟန်းမြို့နယ်က ယခင်
ဂျမား ရပ်ကွက်လို့ခေါ်ပြီး ယခု ဗိုလ်ချို လို့ခေါ်တဲ့ ရပ်ကွက်လေးထဲက ဆရာတော် ဘန္ဒန္တပညာ
နန္ဒ ( ဓမ္မာစရိယ ) ရဲ့ အောင်မြေသုခ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းလေးကို ရောက်ပြီး
ဆရာတော်ရဲ့ ပရိဟိတ လုပ်ငန်းတွေ ပြီးတော့ ဆရာတော် ကြုံတွေ့နေရတဲ့ အခက်အခဲ အချို့
လေးတွေကို ကျွန်တော်ရဲ့ ဘလောဂ့်ကို အလည်လာကြတဲ့ သူငယ်ချင်း မိတ်ဆွေများဖတ်ပြီး
ကုသိုလ်ပွားများ ယူနိုင်ကြဖို့ နိဗ္ဗာန်ဆော်လုပ်လိုက်ရပါတယ်ဗျို့……………………………….။

ဆရာတော်ရဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းလေးကို ၁၉၉၃ ခုနှစ်ထဲက ထည်ထောင်
ထားခဲ့ပါတယ် ၊ စတင်ခဲ့စဉ်က ကျောင်းသား / သူ ဦးရေဟာ ၅၀ ယောက်နဲ့ စတင်ခဲ့ပြီး ဒီနေ့
အချိန်မှတော့ ကျောင်းသား / သူ ၁၆၈ ယောက်အထိရှိလာပါပြီ ၂၀၀၀ခုနှစ်မှစပြီး ပညာသင်
နှစ်တနှစ်လျှင် မူလတန်းလွန် အဆင့်မြင့်တိုးမြင့်ဖွင့်လှစ်ခွင့် ရရှိခဲ့သောလည်း ဘုန်းတော်ကြီး
ပညာသင်ကျောင်းများ၏ထုံးစံ အတိုင်း ငွေကြေးအခက်အခဲများဖြင့် ပြည့်နှက်နေဆဲ…………။

Thursday, September 3, 2009

စက်တင်ဘာလ အတွင်း မျိုးဆက်သစ်များ၏ လှုပ်ရှားမှု




style="display:block; margin:0px auto 10px; text-align:center;cursor:pointer; cursor:hand;width: 259px; height: 400px;" src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9idmculdw3dgtQzH6h8U_GA6baogO5h0ySvtfaDw3DY9_dOsjlPFiEmDsuA0ZIrR-1MojEc9sy4UFW5r2dkqAn0Qe8NEPoNVoiOyjLCP_Hd3tKuXmZpTbg1ndGvm83m89MXgejPTBQ5k/s400/s2.jpg" border="0" alt=""id="BLOGGER_PHOTO_ID_5377135431885585762" />


ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဓါတ်ပုံဖြန့် ဝေခြင်း လှုပ်ရှားမှု့  ကို
ယနေ့  ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဖြစ်သော အင်္ဂါနေ့ တွင် ရန်ကုန် မြို့တွင်း မြို့ ပြင် များတွင်
ဖြန့် ဝေလိုက်သည် ။ရန်ကုန်မြို့  တွင်းနေရာများမှာ သိမ်ကြီးဈေးအနီးတ၀ိုက်၊ကြည့်မြင်တိုင်ညဈေး အနီး ၊
ပုဇွန်တောင်ဈေးအနီးတွင်လည်းကောင်း ပြလုပ်ခဲ့ပြီး ရန်ကုန်မြို့ ပြင်နေရာများမှာ
လှိုင်သာယာမီးခွက်ဈေးနီးနှင့်  မင်္ဂလာဒုံဆယ်မိုင် ကုန်းအနီးတို့  တွင် ဖြန့်ဝေခဲ့သည် ။
မိမိတို့  ဓါတ်ပုံ ဖြန့် ဝေရခြင်း၏ ရည်ရွယ်ချက် များဖြစ်သည့်
“ စက်တင်ဘာသံဃအရေးတော်ပုံကြီးနှင့် အတူဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရမည်” “
ပြည်သူ့ ခေါင်းဆောင်အတွက်ပြည်သူတွေကိုယ်တိုင်ကြိုးစားကြပါစို့”
“အင်္ဂါနေ့ ည ရှစ်နာရီအချိနတွင်မိမိနေအိမ်များ၌ဓါရဏပရိတ်ရွတ်ဆိုကြပါစို့ ”
ဆိုသည့်စာတန်းများအားလည်းဓါတ်ပုံများနောက်တွင် ရေးသားဖြန့်ဝေခဲ့ခြင်းဖြစ်သည် ။

Tuesday, June 9, 2009

သက်သေ ဦးဝင်းတင်နှင့် ဦးတင်ဦး ပယ်ချခံရ




ဒေါ်အောင်ဆန်း စုကြည်ဘက်က တရားခံပြသက်သေ ၃ ဦး ပယ်ချလိုက်ခြင်းကို ပြန်လည်ပြင်ဆင် သုံးသပ်ရန် ရန်ကုန်တိုင်း တရားရုံးသို့ လျှောက်ထားချက်အား တရားရုံးက ယနေ့တွင် ၁ ဦးကိုသာ ခွင့်ပြုမိန့်ချမှတ်လိုက်သည့် အတွက် ဗဟိုတရားရုံးသို့ ဆက်လက် လျှောက်လဲမည်ဖြစ်ကြောင်း NLD ရှေ့နေများက ပြောသည်။
ဦးဝင်းတင်နှင့် ဦးတင်ဦး
ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် တင်ပြထားသော သက်သေ ၃ ဦးတွင် သတင်းစာ ဆရာကြီး ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦး တို့ကို ပယ်ချလိုက်ပြီး NLD ရှမ်းပြည်နယ် စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ခင်မို့မို့ တဦးကိုသာ ခွင့်ပြုကြောင်း ရန်ကုန်တိုင်းတရားရုံး၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ဗဟိုတရားရုံးအထိ ဆက်လက် လျှောက် ထားတင်ပြသွားမည် ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

“အချိန်ပြဿနာကတော့ရှိတယ်၊ ဒါက ဒီမှာ ကျင့်သုံးနေတဲ့ လုပ်ထုံးလုပ်နည်းတွေအရ၊ ဒါပေမယ့် မတတ်နိုင်ဘူး၊ ကျနော်တို့က ဥပဒေအရ ဖြောင့်ဖြောင့်မတ်မတ်ဖြစ်ဖို့သာ ဦးစားပေးစဉ်းစားတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦး ဖြစ်သူ ဦးဉာဏ်ဝင်းက ပြောဆိုသည်။

ပြီးခဲ့သည့် စနေ့က ထုတ်ဝေသည့် အစိုးရသတင်းစာများတွင် ဦးဝင်းတင်နှင့် ဦးတင်ဦးကို ဒေါ်အောင်ဆန်းစုကြည် ၏ အကျင့်စာရိတ္တအတွက် သက်သေစာရင်း တင်သွင်းခြင်းသည် မလိုအပ်ကြောင်း ဖော်ပြထားသည်။

ယခု တိုင်းတရားရုံးက ဆုံးဖြတ်ချလိုက်သည့် ဒေါ်ခင်မို့မို့ကို လာမည့် ဇွန်လ ၁၂ ရက်နေ့ ရုံးချိန်းတွင်မှ မည်သည့် ရက်တွင် သက်သေထွက်ဆိုရမည်ကို အင်းစိန်ထောင်တွင်းရှိ မူလ ခရိုင်ရုံးက ပြောမည် ဖြစ်သည်ကြောင်း ရှေ့နေ ကြီး ဦးကြည်ဝင်းကလည်း ပြောပြသည်။

“အင်းစိန်တရားရုံးက အဲဒီကျမှ ဒေါ်ခင်မို့မို့ကို ပြောလိမ့်မယ်၊ အပြီးသတ်လျှောက်လဲချက်ပေးဖို့နဲ့ ဒေါ်အောင်ဆန်း စုကြည်ကို စီရင်ချက်ချမယ့်အချိန်တော့ နည်းနည်းဝေးသွားတာပေါ့”ဟု ဦးကြည်ဝင်းက ဆိုသည်။

၎င်း၏နေအိမ်သို့ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထော တိတ်တဆိတ်ဝင်ရောက်လာမှုနှင့် ပတ် သက်ပြီး တရားရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေထွက်ဆိုရန် မေလ ၂၆ ရက်က တင်ထား သော သတင်းစာဆရာကြီး ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦးနှင့် NLD ရှမ်းပြည်နယ် စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ခင်မို့မို့ တို့ ၃ ဦးကို အင်းစိန်ထောင်တွင်း အထူးတရားရုံးက မေလ ၂၇ ရက်နေ့တွင် ပယ်ချလိုက်ပြီး NLD လပွတ္တာအမတ် ဦးကြည်ဝင်း ၁ ဦး ကိုသာ သက်သေ ထွက်ဆိုရန် ခွင့်ပြုခဲ့သည်။

သက်သေ ၃ ဦးကို တရားရုံးက ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁) အရ ပယ်ချခြင်းဖြစ်သည်။

ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁)မှာ သက်သေ တဦးသည် တရားမျှတမှု လမ်းကြောင်းကို လွဲဖယ်စေရန် ဖန်တီး နိုင်ကြောင်း ယုံကြည်မှုအရ ချမှတ်သော ပုဒ်မ ဖြစ်သည်ဟုသိရှိရသည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဘက်က တရားခံပြသက်သေအဖြစ် ထွက်ဆိုခွင့်ပြုခဲ့သော အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်(NLD) လပွတ္တာ အမတ် ဦးကြည်ဝင်း တဦးသာ မေလ ၂၈ ရက်က သက်သေထွက်ဆိုခဲ့ရသည်။

စစ်အစိုးရ ဘက်ကမူ တရားလိုပြ သက်သေ ၂၃ ဦး စာရင်းတင်ပြခဲ့ပြီး ၉ ဦး ကို ဖယ်ရှားကာ ၁၄ ဦး သက်သေ ထွက်ဆို စေခဲ့သည်။

ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို ကြားနာစစ်ဆေးခဲ့ရာတွင် ၎င်းအနေနှင့် နေအိမ် အကျယ်ချုပ် ကန့်သတ် တားမိန့်များနှင့်ပတ်သက်သည့် မည်သည့် ဥပဒေကိုမျှ မချိုးဖောက်သည့် အတွက် အပြစ်မရှိ ကြောင်း တရားရုံးသို့ လျှောက်လဲ ထွက်ဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂျွန် ၀ီလျံ ယက်ထော အမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ တားဆီးမိန့် ချိုးဖောက်မှု ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင်၍ အစိုးရ တရားလိုပြသက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ ၂၆ နေ့တွင်မှ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ်ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ကျော်ပြီ ဖြစ်သည်။

ဧရာဝတီ ၀က်ဆိုက် သတင်း

Monday, June 8, 2009

တုန်လှုပ်စရာကောင်းတဲ့ သတင်းတပုဒ် (ပေးစာ)

ဒေါက်တာလွဏ်းဆွေခင်ဗျား …

ကျနော် ဘလော့ကို အမြဲဖတ်ရှုအားပေးနေသူတဦး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၂) ရက်လောက်က ကျနော်နဲ့ ပုဂ္ဂိုလ် ရေးအရ ရင်းနှီးတဲ့ အရာရှိစစ်ဗိုလ်တယောက်ဆီက အလွန်ကို စိုးရိမ်ထိတ်လန့်ဖို့ကောင်းတဲ့ သတင်းတခု ကြား ရပါတယ်။ သူက လျှပ်စစ်ဝန်ကြီးဋ္ဌာန (MoEP-2) ၀န်ကြီးရဲ့ ကိုယ်ရေးအရာရှိဖြစ်ပါတယ်။

သူ့ဆီက ကြားရတဲ့သတင်းက ဒီလိုပါ။ ကျနော်တို့အချင်းချင်း ဆိတ်ငြိမ်တဲ့ ဘီယာဆိုင်တခုမှာ ဆုံဖြစ်ကြတာမျိုး ရှိတယ်။ (အမှန်ကတော့ တံစို့လက်ဆောင်ပေးဖို့ ကိစ္စတွေအတွက် တရားဝင် တွေ့ဆုံကြတဲ့ သဘောပါပဲ)။ ထုံး စံအတိုင်း ကျနော်တို့အုပ်စု တွေ့ဆုံတဲ့အခါမှာ သူ့ကို စ နောက်ရင်း ရန်ကုန်မှာ လျှပ်စစ်မီး ကြောက်ခမန်းလိလိ ပြတ်တောက်နေတဲ့အကြောင်း ဝေဖန်ပြောဆိုဖြစ်ကြတယ်။ ကျနော်တို့အားလုံး MoEP-2 ကို အပြစ်ဖို့ ပြောဆို ကြတယ်။ စ နောက် ပြောဆိုလို့ (၂) နာရီလောက်ကြာတော့ သူသောက်တာ များသွားပြီး လုံးဝမဟန်နိုင်တော့ ဘူး။ အဲဒီမှာတင် (ထန်းရည်မူးလို့ ကျွဲခိုးပေါ်ဆိုသလို) လျှပ်စစ်နဲ့ ပတ်သက်တဲ့ အလွန်အရေးကြီးတဲ့ သတင်းကို ကျနော်တို့ကို ပြောပြတော့တာပဲ။

သူပြောပြတာကတော့ စစ်အုပ်စုက ရန်ကုန်မှာ သဘာဝဓာတ်ငွေ့နဲ့ လည်ပတ်တဲ့ လျှပ်ဓာတ်အားပေးစက်ရုံတ ခုကို ၂၀၀၉ မတ်လကတည်းက တည်ဆောက်ပြီးစီးသွားပြီတဲ့ (နေရာတော့မကျိန်းသေဘူး။ ဒါပေမယ့် ကျနော့် အထင် အလုံက စက်ရုံကို သူ ရည်ညွှန်းပုံရတယ်) ကမ်းလွန် သဘာဝဓာတ်ငွေ့တွင်းတွေကနေ ဓာတ်ငွေ့ပိုက် လိုင်းတွေနဲ့ဆက်ပြီး တည်ဆောက်ထားတာတဲ့။ စပြီး လည်ပတ်ဖို့ MoEP ရဲ့ ခွင့်ပြုမိန့်ပဲ လိုတော့တယ်တဲ့။

သူပြောပုံအရ အဲဒီစက်ရုံကနေ လျှပ်စစ်ဓာတ်အားဖြန့်ဝေနိုင်တဲ့နှုန်းက ရန်ကုန်မြို့အတွက် လိုအပ်တဲ့ လျှပ်စစ် သုံးစွဲမှု စုစုပေါင်းပမာဏထက်တောင် ပိုသေးတယ်ဆိုပဲ။ ဒါပေမယ့် စစ်အုပ်စုက အခုအထိ လည်ပတ်မိန့် မပေး သေးဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ သူတို့နိုင်မလား မနိုင်ဘူးလား သိချင်နေတယ်တဲ့ (ဆိုလိုတာကတော့ သူတို့ ရွေးကောက်ပွဲ ရှုံးမှာကို အရမ်းကြောက်နေတယ်။ သူတို့ အခု အပေါ်စီးကနေ ထိန်း ချုပ်ထားနိုင်တာတောင်မှ အပြီးသတ် ဆုံးဖြတ်ချက်ချဖို့အတွက် သူတို့လူတွေ အပါအ၀င် ပြည်သူလူထုနဲ့ ပတ် သက်ပြီး အခုအထိ ယုံကြည်မှု မရှိသေးဘူးဖြစ်နေတယ်)။

တကယ်လို့ ရွေးကောက်ပွဲ အနိုင်ရမယ်ဆိုရင်တော့ ရန်ကုန်မြို့သူမြို့သားတွေကို လက်ဆောင်ပေးတဲ့အနေနဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို စပြီး လည်ပတ်ပေးလိမ့်မယ်တဲ့။ ဒါပေမယ့် သူတို့မှာ ကြောက်စရာကောင်း တဲ့ အစီအစဉ် ဆွဲထားတယ်။ တကယ်လို့ ရွေးကောက်ပွဲမှာ သူတို့ရှုံးခဲ့ရင် မတော်တဆဖြစ်တယ်လို့ အကြောင်း ပြပြီး ဆောက်ထားတဲ့ ဓာတ်အားပေးစက်ရုံကြီးကို ဖျက်ဆီးပစ်မယ်တဲ့။ တခုလုံးကို ပြန်တည်ဆောက်ဖို့ဆိုရင် အစိုးရသစ်အတွက် နောက်ထပ် ၅ နှစ်လောက် အချိန်ယူရမယ်တဲ့။

ဒါဟာ စစ်အုပ်စုဆီက ကျနော်တို့ အမြဲကြားရလေ့ရှိတဲ့ TERRORIST ACT ဆိုတာထက် ဆိုးတဲ့ TERRIBLE IDEA ပါပဲ။ တကယ့်ကို ယုတ်မာပက်စက်တဲ့ အကြံအစည်ပါပဲ။ မိတ်ဆွေတို့အနေနဲ့ မီးစက်တွေက ထွက်တဲ့ ဆူ ညံသံတွေ၊ မီးခိုးငွေ့တွေနဲ့ မရေမတွက်နိုင်လောက်အောင် မီးမှောင်ကျနေတဲ့ ညတွေကို မဖြတ်သန်းဖူးဘူးဆို ရင် ဒီ(လျှပ်စစ်)ဟာ ဘာကြောင့် ဒီလောက်အသည်းအသန် ဖြစ်နေရသလဲ၊ ရန်ကုန်နေ ပြည်သူတွေအတွက် ဘာကြောင့် အရေးတကြီးကိစ္စ ဖြစ်နေရတာသလဲ ဆိုတာကို နားလည်ချင်မှ နားလည်နိုင်မယ်။

အိမ်အသုံးစရိတ်ရဲ့ အနည်းဆုံး ၄ ပုံ ၁ ပုံလောက်ဟာ မီးစက်နှိုးဖို့ ၀ယ်ထည့်ရတဲ့ ဒီဇယ်ဖိုးထဲ ပါကုန်ရော။ မီး ပြတ်လို့ မီးမရှိလို့ ရေမရှိလို့ ကြုံရတဲ့ ဒုက္ခသုက္ခတွေ၊ အခက်အခဲ ပြဿနာတွေကတော့ မဖော်ပြနိုင်လောက် အောင် ဒုနဲ့ဒေးပါပဲ။

ရန်ကုန်နဲ့ အဆက်အသွယ်ကောင်းကောင်းရှိသူများ ဒီသတင်းနဲ့ ပတ်သက်ပြီး မှန်ကန်ကြောင်းအတည်ပြုဖို့ ကျေးဇူးပြုပြီး ဆိုင်ရာပိုင်ရာကတဆင့် စုံးစမ်းကြည့်ကြစေလိုပါတယ်။ ကျနော်ဘယ်သူဘယ်ဝါဆိုတာ မဖော်ပြ နိုင်တာကိုတော့ နာလည်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

http://drlunswe.blogspot.com/ မှကူးယူဖော်ပြပါသည် ။

Sunday, June 7, 2009

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသာ အကျဉ်းသားအစစ်



ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုစစ်ဆေးနေသည့် တရားခွင်က ရန်ကုန်မြို့တွင် ဒုတိယအပတ်အဖြစ် ဆက်လက်စစ် ဆေးနေဆဲကာလ၌ ဤသတင်းက နိုင်ငံတကာ၏ ထိပ်တန်းအာရုံစိုက်မှုကို ခံနေရဆဲ ဖြစ်သည်။

လူထုမြင်ကွင်းအောက်မှ နှစ်အတန်ကြာ ပျောက်နေခဲ့ရပြီး ယခု ပြန်လည်မြင်တွေ့ကြရသည့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ခေါင်းဆောင်က နိုင်ငံတကာထောက်ခံမှုကို ဆက်လက်၍ သိမ်းကျုံးဆွဲငင်နိုင်ဆဲ ဖြစ်သည်။ စစ်အာဏာပိုင်များက တဖက်သတ်ကျူးလွန်နေသည့် မတရားမှုကို ရင်ဆိုင်နေရသည့်တိုင် သူက တည်တည်ငြိမ်ငြိမ်ဖြင့် အာခံမှုကို ပြသနေ ဆဲဖြစ်သည်။

တကယ့် အမှန်တရားမှာ လူအများက ဒေါ်အောင်ဆန်းစုကြည်ကို နက်နက်ရှိုင်းရှိုင်း လေးစားကြဆဲ၊ ချစ်ခင်မြတ်နိုးကြဆဲ ဖြစ်သည်။ သူ့ကို လူအများက လေးစားကြည်ညိုကြသည့်အကြောင်းကို မေလ ၂၆ ရက်နေ့ တရားခွင်တွင် တွေ့မြင်ခဲ့ကြရသည်။ ဒေါ်အောင်ဆန်းစုကြည် တရားခွင်အတွင်းသို့ ၀င်လာကြသည့်အခါ နိုင်ငံခြားသံအမတ်များ၊ သတင်းထောက်များနှင့် တချို့သောလုံခြုံရေးအရာရှိများကပင်မတ်တတ်ရပ်အရိုအသေပေးခဲ့ကြပြီး အာဏာပိုင်များကို အံ့အားသင့် ကသိကအောင့် ဖြစ်စေခဲ့သည်။

ဖိအားမျိုးစုံကြုံနေရသော မြန်မာနိုင်ငံ၏ ဒီမိုကရေစီလှုပ်ရှားမှုတွင် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်နေရာမှာရှိနေဆဲ ဆိုသည်မှာ မည်သူမျှငြင်းနိုင်သည့်ကိစ္စ မဟုတ်ပါ။ ယခုလို မတရားသည့်အင်းစိန်ထောင်တရားခွင်ကြောင့် နိုင်ငံတကာ လူထု က အမျက်ဒေါသထွက်ရသလို၊ စစ်အစိုးရအပေါ် ပြစ်တင်ရှုတ်ချမှုလည်း အတောမသတ်ပေါ်ထွက်လာခဲ့သည်။

အမေရိကန် သမ္မတ ဘားရက်အိုဘားမား၏ အစိုးရအဖွဲ့က မြန်မာစစ်အစိုးရအပေါ် ပြစ်ဒဏ်ခတ် အရေးယူထားမှုကို သက်တမ်းဆက်တိုးခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံအတွက်သတ္တိနှင့်စွန့်လွှတ်အနစ်နာခံစိတ်ကို ချီးကျူး ဂုဏ်ပြုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က မျှော်မှန်းသည့် သာယာဝပြောသည့် ဒီမိုကရေစီနိုင်ငံတော် ဖြစ်မြောက်လာစေရေး မျှော်မြင်ချက်ကိုလည်း သူက ထောက်ခံပြောဆိုခဲ့သည်။

"အခုအချိန်မှာ မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ စွဲဆိုနေတဲ့ ပြစ်မှုတွေအားလုံးကို ပြန်ရုပ်သိမ်းဖို့ လိုအပ် ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ လိုအပ်ပါတယ်" ဟု သမ္မတ အိုဘားမားက ထုတ်ပြန် တောင်းဆိုခဲ့သည်။

အဆင့်မြင့်နိုင်ငံတကာ ခေါင်းဆောင်များက မေတ္တာရပ်ခံခဲ့ကြသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စိတ်ထဲတွင် အကြောက်တရားက လွှမ်းမိုးနေဆဲ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ဆက် လက် ချုပ်နှောင်ထားမှ ဖြစ်မည်ဟု ဆုံးဖြတ်ထားဆဲပင် ဖြစ်သည်။ စစ်အစိုးရခေါင်းဆောင်ကြီးက အကြောက်တရားနှင့် စိတ္တဇကဲသော အခြေ အနေအောက်တွင် နေထိုင်နေသူလည်း ဖြစ်သည်။
ဗိုလ်ချုပ်သန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့မှာ နိုင်ငံရေးအယူအဆတခုအတွက် ယှဉ်ပြိုင်တိုက်ခိုက်ကြရာတွင် တန်းတူ လက်ရည်တူများ မဟုတ်ပေ။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ ဒီမိုကရေစီအရေးနှင့် လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေခြင်း ဖြစ်ပြီး၊ ဗိုလ်ချုပ်သန်းရွှေက နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် သူ၏အကျဉ်းစခန်းနှင့် မြန်မာနိုင်ငံကို ဆင်းရဲမွဲတေစေရန် ဆက်လက်ပိတ်ဆို့ အုပ်ချုပ်နိုင်ရေးအတွက် အားပြိုင်နေကြခြင်း ဖြစ်သည်။ သူက ဒေါ်အောင်ဆန်း စုကြည် အပေါ်ထားသည့် အမုန်းတရားမှာလည်း နှိုင်းဆမရနိုင်အောင် ကြီးမားလှသည်ဟု ဆိုကြသည်။

သို့အတွက်ကြောင့်လည်း အတိုက်အခံ အသိုင်းအ၀န်း၊ မြန်မာ့နိုင်ငံရေး စောင့်ကြည့်လေ့လာနေသူများနှင့် ဒေါ်အောင်ဆန်း စုကြည်၏ ရှေ့နေ ကိုယ်တိုင်က ယခုလို နိုင်ငံတကာဖိအားပေးခြင်းဖြင့် ဗိုလ်ချုပ်သန်းရွှေက တလက်မပင် မရွေ့နိုင်၊ ဆက်၍ ခေါင်းမာနေဦးမည် ဖြစ်သည်ဟု သူတို့စိုးရိမ်ချက်ကို ဖော်ပြခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မာ့ခ် ကန်းနင်း (Mark Canning) က ဗြိတိန်နိုင်ငံထုတ် နေ့စဉ်သတင်းစာ သည်ဂါးဒီယန်း (The Guardian) ကို ပြောခဲ့ရာ၌ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့သည့်အပေါ် ဖြစ်လာသည့် နိုင်ငံ တကာ၏ ဆန့်ကျင်မှုများကြောင့် စစ်အစိုးရက အနည်းငယ်ပြန်ဆုတ်ခဲ့ပုံရကြောင်း၊ သို့သော်လည်း သူက ဒေါ်အောင်ဆန်း စုကြည်ကို ပြန်လွှတ်ပေးလိမ့်မည်ဟုတော့ မမျှော်လင့်ကြောင်း ဆိုသည်။ အကယ်၍ ဆက်ပြီးဖိအားပေးနိုင်ပါက တရားရုံး အနေနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ်သက်သက်ညှာညှာ ပြစ်ဒဏ်ချဖွယ်ရှိကြောင်း ပြောခဲ့သည်။

"အခုကိစ္စမှာ နောက်ဆုံးအပြစ်ရှိတယ်ဆိုပြီး ပြစ်ဒဏ်ချမှာနဲ့ အဆုံးသတ်လိမ့်မယ်ဆိုတာကို ကျနော်သံသယ မရှိပါဘူး၊ ဒါ ပေမယ့် သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲမှာ ၅ နှစ်ထားတာထက်စာရင်၊ နောက်ထပ် အိမ်အကျယ်ချုပ် တနှစ်ထပ်ချတာမျိုး သူတို့ ရည်မှန်းချက်ကိုတော့ လျှော့ပေါ့နိုင်ပါတယ်" ဟု မာ့ခ် ကန်းနင်းက ဆိုသည်။

"ဒီနည်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နောက်နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မပါဝင်နိုင်အောင်လုပ်မှာပါ၊ အခုကိစ္စမှာ ချုပ်ပြောရရင်တော့ ဒါပါပဲ"ဟုလည်း သူက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်အကြောင်းကြောင့် နိုင်ငံတကာဖိအားများ တိုးတက်လာပုံနှင့် သတင်းများက အလေး ပေးဖော်ပြနေကြပုံမှာ အထူးအံ့သြဖွယ် ဖြစ်သည်။ သို့သော်လည်း ဤမျှလောက်နှင့် ခေါင်းမာလွန်းသည့် ဗိုလ်ချုပ်သန်းရွှေ ၏ အာဃာတ အမုန်းတရားကို ချေဖျက်ရန်ဆိုသည်မှာ မဖြစ်နိုင်သေးပါ။

ဗိုလ်ချုပ်သန်းရွှေနှင့် ကျန်စစ်ဗိုလ်ချုပ်များက ပြီးခဲ့သည့် အတိတ်ကာလကလည်း အလားတူ မတရားခုံရုံးများဖြင့် အတိုက် အခံများ၊ သဘောထားကွဲလွဲသူများကို နှိပ်ကွပ်ထောင်ချခဲ့ကြပြီး နိုင်ငံတကာနှင့် ပြည်တွင်းက ဖိအားပေး တောင်းဆိုလာ သမျှကိုလည်း ခေါင်းမာမာဖြင့် တင်းခံခဲ့ကြသည်။ တလိမ်ပေါ် နှစ်လိမ်ဆင့်ကာ တုံ့ပြန်ခဲ့ကြသည်။

ဗိုလ်မှူးချုပ်မြင့်သိန်းက စစ်အစိုးရအနေနှင့် ပြီးခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထိန်းသိမ်းထားမှုကို ပြန်လွှတ်ပေးရန် ရည်ရွယ်ချက်ရှိခဲ့ကြောင်း လိမ်ညာပြောဆိုခဲ့သေးသည်။ သို့သော်လည်း အမေရိကန်ရေကူးသမား ဂျွန် ၀ီလျံ ယက်ထော ယခုလို ကျူးကျော်ဝင်ရောက်ခဲ့မှုကြောင့် "မလွှဲမရှောင်သာ၊ ၀မ်းနည်းစွာဖြင့် တရားဥပဒေကြောင်းအရ ဒေါ်အောင်ဆန်း စုကြည်ကို အရေးယူခဲ့ရသည်"ဟုလည်း ဆိုခဲ့ပြန်သည်။ မည်သူက ဤဆင်ခြေကို ယုံကြည်ကြပါမည်နည်း။

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ပင် ဒေါ်အောင်ဆန်းစုကြည်က လိမ်ညာ လည်ဆည်၍ ပြောဆိုတတ်သူလည်း မဟုတ်ပေ။ ဒေါ်အောင်ဆန်းစုကြည်က သူ့တွင်အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ပြီး သူက မစ္စတာ ယက်ထော ကို ခေတ္တနားခိုခွင့်ပေးခဲ့ခြင်းသာ ဖြစ်သည်ဟု ပြောခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်သို့ လူတချို့ကိုလေ့လာခွင့်ပေးစဉ်က နားထောင်လေ့လာခွင့်ရခဲ့သော ၀ါရင့်မြန်မာ သတင်းထောက်တဦးကမူ ယခုလို တရား ရင်ဆိုင်နေရချိန်၌ပင် ဒေါ်အောင်ဆန်းစုကြည်က တည်ကြည်ကြက်သရေရှိစွာ တုံ့ပြန်ခဲ့ကြောင်း သူ၏အမြင်ကို ပြန်ပြောပြသည်။ "သူ့အတွက် ဂုဏ်ယူရသလို၊ သူ့အပြုအမူအပေါ်မှာလည်း လေးစားရ တယ်"ဟု ၎င်းက ပြောပါသည်။ မြန်မာပြည်သူ တိုင်းက အလားတူပြောဆိုကြလိမ့်မည် ဖြစ်သည်။ ဗိုလ်ချုပ်သန်းရွှေနှင့် သူဦးဆောင်နေသည့် စစ်အစိုးရကို ရွံမုန်းနေကြရာ လူအများက ဤသို့သာ ပြောဆိုတုံ့ပြန်ကြလိမ့်မည်ဖြစ်သည်။

သို့သော်လည်း ၀မ်းနည်းဖွယ်ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးနေသည့် တရားခွင်၏ ဆုံးဖြတ်ချက်ကို ရေးသား ထားပြီးသား ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် အင်းစိန်ထောင်အတွင်း၌ အချိန်တချို့ကို ဖြတ်သန်းရလိမ့်ဦးမည် ဖြစ်သည်။ ကျန်သည့် မေးခွန်းမှာ မည်မျှကြာကြာ ကျခံရမည်နည်းဟူသော မေးခွန်းသာ ရှိတော့သည်။

အကယ်၍ မာ့ခ် ကန်းနင်း၏ အဆိုသာ မှန်ခဲ့ပါက အများဆုံးထောင်ဒဏ် ၅ နှစ် ချမည့်အနေအထားမှ ဖိအားများကြောင့် ပို၍ သက်ညှာသောထောင်ဒဏ်ကို စဉ်းစားလာဖွယ် ရှိပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်အကျဉ်းချထားချိန် မည်မျှ ကြာမြင့်သည်ဖြစ်စေ၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း တခြားသော နိုင်ငံရေးအကျဉ်းသားများနည်းတူ ကြုံလာရမည့် အရေးကို သတ္တိသွေးအပြည့်ဖြင့် ဆုံးဖြတ်ထားပြီး ဖြစ်ပါသည်။

သမ္မတ အိုဘားမားကဲ့သို့သော ကမ္ဘာ့ခေါင်းဆောင်များ၏ ထုတ်ပြန်ကြေညာချက်များကိုပင် ဗိုလ်ချုပ်သန်းရွှေက မဖတ်ဘဲ၊ အလေးမထားဘဲလည်း နေကောင်းနေနိုင်သည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် ကမ္ဘာကဤမျှ စာနာ ထောက်ခံကြသည့် အပေါ်တွင်တော့ ကျွဲမြီးတိုနေနိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို လူအများကမေ့ထားသည့် အဖြစ် မျိုး သူက ဖြစ်စေလိုသည်။ သို့သော်လည်း ရည်မှန်းချက်နှင့် လွဲချော်၍ ရလဒ်ထွက်လာခဲ့သည်။

ဤအချက်ကြောင့်ပင် ဗိုလ်ချုပ်သန်းရွှေက ရှုံးရပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်က မတရားသည့်ခုံရုံးရှေ့တွင် ရပ်၍ ရင်ဆိုင်နေရသည် ဖြစ်စေ၊ အစစ်အမှန်အကျဉ်းသားမှာ ဗိုလ်ချုပ်သန်းရွှေသာ ဖြစ်သည်။ သူ၏ မစ္ဆေရိယ မလိုမုန်းထား စိတ်များ၊ မပြည့်မြောက်ရသည့် ရည်မှန်းချက်များအတွက် ဖြစ်နေရသည့် စိတ္တဇအကျဉ်းသား အစစ်မှာ ဗိုလ်ချုပ်သန်းရွှေ ကိုယ်တိုင်ပင် ဖြစ်နေပါတော့သည်။

အောင်ဇော်ရေးသားသည့် Than Shwe Is the Real Prisoner, not Suu Kyi ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

Irrawaddy.သတင်းမှာ့ ကူးယူဖော်ပြပါသည် ။ ။

Monday, June 1, 2009

အခြေအနေကတောင်းဆိုနေတဲ့ မြေအောက်လှုပ်ရှားမှု

ခလုတ်ထိမှ အမိတတယ်ဆိုတာ လူတိုင်းပါ။ သူမှ ဒီလိုဖြစ်တယ်။ ကိုယ်မှ ဒီလိုဖြစ်တယ်ဆိုတာမျိုး မဟုတ်ပါဘူး။ လူ့ဘဝမှာ ဖြစ်နိုင် ခြေအားလုံးအတွက် ပြင်ဆင်ပြီးသားဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့် စဉ်းစားရသရွေ့ကိုတော့ စဉ်းစားပြင်ဆင်ထားရပါမယ်။
ဒေါ်အောင်ဆန်းစုကြည်ကို မတရားရုံးတင်အကျဉ်းချဖို့ နအဖက ကြိုးစားလာတော့ တချို့က အင်းစိန်ထောင်ကို ချီတက်ကြပြီး တချို့ကတော့ အလစ်အငိုက်ပိုစတာကပ်တာတွေ၊ စာရွက်ကြဲတာ တွေလုပ်ကြတာ တွေ့ရပါတယ်။ တိုက်ပွဲသဏ္ဌာန် အမျိုးအမည်များ တာမို့ ဝမ်းသာရပါတယ်။ ဒါပေမယ့် တဆက်တည်း တွေ့လာရတာ က ဒါလောက်နဲ့ မလုံလောက်၊ လုံးဝမလုံလောက်ဆိုတာပဲ ဖြစ်ပါ တယ်။ ဒါဖြင့်ရင် တိုက်ပွဲအမျိုးမျိုး ပေါ်ပေါက်အောင် သဏ္ဌာန်ကို ဘယ်လိုဖော်ထုတ်မလဲ။ ကိုယ့်အတွက် အထိအခိုက် အနည်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ရေရှည်သယ်ဆောင် သွားဖို့ ဘာနဲ့လုပ်မလဲ။ လက်တွေ့လုပ်မယ့်လူဟာ လက်တွေ့စဉ်းစားရပါမယ်။
ဒီလိုနဲ့ အခုတော့ မြေအောက်လုပ်ငန်း အဆောက်အအုံတွေ၊ ကွန်ရက်တွေ လိုအပ်ကြောင်း သဘောပေါက် နားလည် လာတဲ့သူတွေ များသတက်များလာပါတယ်။ ဒါပေမယ့် တည်ဆောက်ကြ၊ လုပ်ကိုင်ကြတာတွေ တော်တော်များများဟာ စစ်ရောက်မှမြားချွန် ဆိုတာမျိုး ဖြစ်နေပါတယ်။ တချို့ကတော့လည်း မြေအေက်ဆိုတာ ဘယ်လိုလုပ်ရသလဲလို့ အခုမှစူးစမ်း၊ မေးမြန်း၊ လေ့လာတာတွေ လုပ်ကြပါတယ်။ ဘာပဲပြောပြော မလုပ်တာနဲ့စာရင် နောက်ကျတာက တော်သေးတယ်လို့ပဲ ဆိုကြပါစို့။
ဘာဖြစ်လို့ မြေအောက်လုပ်ကြတာလဲ ဆိုတာကို သဘောမပေါက်ကြလို့ နောက်ကျကြတာလို့ ဆိုချင်ပါတယ်။ မြေအောက်လုပ်တယ်ဆိုတာ လွယ်လွယ်ပြောရရင် မြေပေါ်မှာလုပ်မရလို့ဘဲ ဖြစ်ပါတယ်။ မတရားဖိနှိပ်မှု ပြင်းထန်လှတဲ့ အုပ်စိုးသူတွေရဲ့လက်အောက်မှာ နေရတဲ့ အဖိနှိပ်ခံတို့က မိမိတို့ရဲ့ ထွက်ရပ်လမ်းကို ရှာကြရာမှာ မြေအောက်လုပ်ငန်း ဟာ မဖြစ်မနေ လုပ်ရတဲ့ လုပ်ငန်းတခု ဖြစ်လာပါတယ်။ ပြည်သူတရပ်လုံး ဒီမိုကရေစီ အခွင့်အရေးတွေ အပြည့်အဝခံစား ခွင့်ရရင် ဘယ်သူမှ မြေအောက်လုပ်မနေပါဘူး။ လုပ်မယ်ဆိုရင်လည်း ပတ်ဝန်းကျင်က ခွင့်မပြုပါဘူး။ ပေါ်ပေါ်ထင်ထင်၊ လွတ်လွတ်လပ်လပ်လုပ်လို့ရတဲ့ ကိစ္စတရပ်ကို ဘယ်သူကမှ အသက်အန္တရာယ် စွန့်စားပြီး လျှို့ဝှက်သဲဖို လုပ်မနေပါဘူး။
ဒီတော့သမိုင်းမှာ မြေအောက်လုပ်ငန်းကို ဖက်ဆစ်နာဇီတွေလက်အောက်၊ ကိုလိုနီအုပ်စိုးသူတွေ လက်အောက်မှာ လုပ်ကြတာ ရှိသလို နအဖလို ဖိနှိပ်တဲ့ အာဏာရှင်တွေ အောက်မှာလည်း လုပ်ကြပါတယ်။ ဒီနေရာမှာ မြေအောက် လုပ်ငန်းဆိုတာ မတရားဖိနှိပ်တဲ့ အစိုးရတရပ်ကို ဆန့်ကျင့်ဖို့အတွက် အဲဒီ အစိုးရမသိအောင် ဖွဲ့စည်းလှုပ်ရှားတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဒါဟာ မူးယစ်ဆေးဝါးလုပ်ငန်းလို၊ မာဖီးယားဂိုဏ်းလို၊ မှောင်ခိုစီးပွားရေးလုပ်ငန်းတွေလို ဟာတွေကို ဆိုလိုတာ မဟုတ်ဘူးဆိုတာကို ဦးစွာ ရှင်းအောင်ပြောထားဖို့ လိုပါတယ်။ အခုပြောနေတဲ့ မြေအောက် လုပ်ငန်းဆိုတာဟာ နိုင်ငံရေးပြဿနာက အစပြုပြီး နိုင်ငံရေး ဦးတည်ချက်တခုအတွက် လှုပ်ရှားတဲ့ လုပ်ငန်း ဖြစ်ပါတယ်။ အစိုးရ ခွင့်မပြုတဲ့လုပ်ငန်းတိုင်းကို မဆိုလိုပါဘူး။
မြေအောက်လုပ်ငန်းဆိုတာ သူ့ချည်းလှုပ်ရှားရတာ၊ လက်နက်ကိုင်တိုက်ပွဲနဲ့ တွဲဖက်လှုပ်ရှားရတာ၊ လူထုအုံကြွမှုနဲ့ တွဲဖက်ရတာ စသဖြင့် အနေအထားကိုလိုက်လို့ သူ့ရဲ့အခန်းကဏ္ဍတွေက ကွဲပြားပါတယ်။ ဒါကိုတနည်းပြန်ပြောရရင် မြေအောက်လုပ်ငန်းဟာ တိုက်ပွဲသဏ္ဌာန်ပေါင်းစုံကို အထောက်အကူပေးနိုင်တယ်ဆိုတာဖြစ်ပါတယ်။ ဒါပေမယ့် မြေအောက်လုပ်ငန်းအားလုံးဟာ လူထုကိုအခြေခံပြီး လူထုရဲ့ထောက်ခံအားပေးမှုကို အားပြုလုပ်ကိုင်ရတာ ဖြစ်ပါတယ်။ နောက်ပြီး မြေအောက်လုပ်ငန်းဟာ တိုင်းပြည်ရဲ့ နိုင်ငံရေးဇာတ်ခုံပေါ်မှာ တခါတလေမှာ အရန်အခန်း၊ တခါတလေမှာ အဓိကအခန်းရယ်လို့လည်း အခြေအနေအရ ကွဲပြားပါသေးတယ်။
အထက်မှာပြောခဲ့သလိုပဲ မြေအောက်လုပ်ငန်းလုပ်တယ်ဆိုတာ အဖိနှိပ်ခံပြည်သူတွေက မိမိတို့ရဲ့ ရည်မှန်းချက်ကို လွတ်လပ်စွာအကောင်အထည်ဖော်ခွင့် မရတဲ့အတွက် သယ်ဆောင်တဲ့နည်းနာတခုဖြစ်ပါတယ်။ ဒါနဲ့ပြောင်းပြန် အုပ်စိုးသူ၊ အာဏာရနေသူတွေက မြေအောက်လိုလုပ်တယ်ဆိုရင်တော့ ဒါဟာခိုးကြောင်ခိုးဝှက်၊ ကလိမ်ကကျစ် လုပ်တာသာဖြစ်တယ်ဆိုတာ ပြောထားဖို့ လိုပါတယ်။ သူများနိုင်ငံအပေါ်သူလျှိုလုပ်တာ၊ ထောက်လှမ်းရေး လုပ်တာကိုလည်း မြေအောက်လုပ်ငန်းလို့ မဆိုနိုင်ပါဘူး။
တကယ်တော့ ဗမာပြည် ပြည်သူတွေဟာ မြေအောက်လုပ်ငန်း အတွေ့အကြုံ အင်မတန်ကြွယ်ဝတယ်လို့ ပြောရင် ရပါတယ်။ တနိုင်ငံလုံး သူ့ကျွန်ဘဝရောက်တယ်ဆိုတာနဲ့ အင်္ဂလိပ်ကိုလိုနီ တွေကို ပြန်ချဖို့ပြင်ဆင်ကြတဲ့ မင်းညီ မင်းသားများနဲ့ လူထုတွေ၊ ဆရာတော်သံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေက စတွက်လိုက်ရင် ဗမာပြည်ရဲ့ မြေအောက်လုပ်ငန်းသမိုင်းဟာ နှစ်ပေါင်း (၁၂ဝ) ကျော်ပါပြီ။ ဒီလိုမြေအောက်လှုပ်ရှားမှုတွေကနေ ဗမာ့ထွက်ရပ် ဂိုဏ်း၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ရဲဘော်သုံးကျိပ် စတာတွေပေါ် ထွက်လာပြီး လွတ်လပ်ရေးတိုက်ပွဲကို သယ်ဆောင်ခဲ့ကြပါတယ်။ ထောင်ထဲကနေ မြေအောက်လုပ်ငန်းလုပ်သူတွေကတဆင့် လွတ်လပ်ရေး တိုက်ပွဲကို ခေါင်းဆောင်ကြပါတယ်။ လွတ်လပ်ရေးနောက်ပိုင်းမှာလည်း မြေအောက်လှုပ်ရှားမှုတွေ တောက်လျှောက် တည်ရှိခဲ့ပြီး မြို့ပေါ် လူထုအုံကြွမှုကြီးတွေ အမြောက်အမြားကို ဖော်ထုတ်ခဲ့ကြပါတယ်။ တခြားနိုင်ငံတွေမှာလည်း အလားတူ သာဓကတွေ အများကြီးရှိပါတယ်။ ပြောမကုန်ပါ။
ဒါကြောင့် ဗမာပြည်ရဲ့ ၁၉၄၈ ခုနှစ် နောက်ပိုင်း အုပ်စိုးသူလူတန်းစား၊ အထူးသဖြင့် ဆိုရှယ်လစ်ပါတီနဲ့ သူတို့နဲ့ နွှယ်နေတဲ့ စစ်အုပ်စုဟာ မြေအောက်လုပ်ငန်းကို အကြီးအကျယ်ကြောက်ရွံ့ ရွံမုန်းကြပါတယ်။ ဒီလိုနဲ့ပဲ သူတို့ဟာ ပြည်သူတွေကို ဖိနှိပ်ဖို့၊ ခြောက်လှန့်ဖို့၊ အထူးသဖြင့် မြေအောက်လုပ်ငန်းတွေကို ရှာဖွေဖျက်ဆီးဖို့အတွက် ပြည်တွင်း ပြည်ပမှာ နာမည်ဆိုးနဲ့ကျော်ကြားလှတဲ့ ထောက်လှမ်းရေးယန္တရားကြီးတခုကို တည်ဆောက်ထိန်းသိမ်းခဲ့ကြပါတယ်။
ဒါပေမယ့် အခုတော့ အဲဒီထောက်လှမ်းရေးဆိုတာကြီးပဲ အစိပ်စိပ်အမြွာမြွာ ပြိုကွဲဖျက်သိမ်းခံခဲ့ရပြီး မြေအောက် လုပ်ငန်းတွေကတော့ ဆက်လက်တည်ရှိနေ၊ ထပ်မံပေါက်ဖွားနေပါတယ်။ ဒါက ဖော်ပြနေတာက စစ်အုပ်စုရဲ့ ထောက်လှမ်းရေးယန္တရားဟာ တပွဲချင်းမှာ ပြည်သူ့အင်အားစုတွေအပေါ်မှာ အနိုင်ရတာတွေရှိပေမယ့် တရားတခုလုံး အနေနဲ့တော့ အဆုံးမှာ သူတို့ပဲအရှုံးနဲ့ ဇာတ်သိမ်းရတယ်ဆိုတာဖြစ်ပါတယ်။
ဒါပေမယ့် အုပ်စိုးသူအာဏာရှင်များဟာ မြေအောက်လုပ်ငန်းတွေ တည်ရှိနေသရွေ့ သူတို့အတွက် အန္တရာယ်ကြီး လှတာမို့ ဖြိုခွဲဖို့အတွက် ထောက်လှမ်းရေးလို အဖွဲ့အစည်းတွေ ဆက်ထူထောင်နေအုန်းမှာပဲ ဖြစ်ပါတယ်။ တိုးချဲ့နေ၊ အားဖြည့်နေအုန်းမှာလည်း ဖြစ်ပါတယ်။
နအဖအစိုးရဟာ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင် ရုံးတင်လိုက်ခြင်းအားဖြင့် သူတို့ရှေ့ဆက်လျှောက် မယ့်လမ်း၊ ရှေ့ဆက်ကျင့်သုံးမယ့် လမ်းစဉ်တို့ကို ဖော်ပြလိုက်တာဖြစ်တယ်ဆိုရင် မမှားပါဘူး။ အဓိပ္ပာယ်က ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲတွေရဲ့ နောက်မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အဓိကဦးတည်ရန်သူအဖြစ် သဘောထား၊ ၁၉၉ဝ ပြည့်နှစ်က လက်ကျန်အင်အားစုတွေကို မသေမရှင်ထား၊ တက်ကြွသူတွေကို ထောင်ထဲ၊ ဒါမှမဟုတ် ပြည်ပ၊ ဒါမှမဟုတ် တောထဲကိုမောင်းပို့ဆိုတဲ့ ပေါ်လစီကို ဆက်လက်ကျင့်သုံးသွားမယ် ဆိုတာပါပဲ။
ဗမာပြည်ရဲ့ ရှေ့အလားအလာဟာ အလင်းရောင်မမြင်ရတာ မဟုတ်ပါဘူး။ ဒါပေမယ့် စိတ်ကူးယဉ်လို့မရတာတော့ အမှန်ပါပဲ။ လူသားစားကျားကို တဖြည်းဖြည်းချင်းနဲ့ ဟင်းသီးဟင်းရွက်ပဲစားလာအောင် လေ့ကျင့်ပေးသွားမယ်ဆို တာမျိုး မတွေးသင့်ပါဘူး။ ရေရှည်တိုက်ပွဲအတွက် စနစ်တကျပြင်ဆင်ရပါမယ်။ အဲဒီလို ပြင်ဆင်ရာမှာ အချို့သော တက်ကြွသူတွေက မြေအောက်လုပ်ငန်းအတွက် သီးသန့်ပြင်ဆင်တာကိုလည်း အာရုံထားလုပ်ရပါမယ်။
အပျော်တမ်းဆံမှု၊ တပွဲတိုးဆံမှုတွေကို ဆန့်ကျင်ပြီး ရေရှည်အတွက် အမြင့်ဆုံးစွန့်လွှတ်မှုကိုပါ ပိုင်းဖြတ်ပြီး စနစ်တကျ လုပ်ရပါမယ်။ ယူဂျီလုပ်တယ်ဆိုတာ အချိန်အားရှိလို့ အပျော်ကစားတာ မဟုတ်ပါဘူး။ သဘောတရား တခုကို လက်တည့်စမ်းတာမဟုတ်ပါဘူး။ ဖြစ်ကတတ်ဆန်း၊ တော်ရိလျော်ရိလုပ်လို့ မဖြစ်ပါဘူး။ စစ်တိုက်သလိုပဲ အသက်ပေါင်း၊ ဘဝပေါင်းများစွာကို အရင်းအနှီးပြုပြီး လုပ်ကိုင်ရတာဖြစ်တယ်ဆိုတာ သဘောပေါက်ဖို့ဟာ အလွန်အရေးကြီးပါတယ်။
နေရာတကာ၊ အလွှာပေါင်းစုံ၊ လူတန်းစားပေါင်းစုံ၊ လုပ်ငန်းပေါင်းစုံထဲမှာ မြေအောက်ကွန်ရက်တွေဖြန့်ကြက် တည်ဆောက်ရပါမယ်။ ဒီလိုနဲ့ နအဖစစ်အာဏာရှင်တွေကို ဆန့်ကျင်တဲ့ ဘယ်လိုလှုပ်ရှားမှုမျိုးကိုမဆို နည်းမျိုးပေါင်းစုံနဲ့ တွဲဖက်ပေါင်းစပ်ကာ အောင်ပွဲဆီ အတူတက်လှမ်းနိုင်ပါမယ်။

ရဲဘော်ဖိုးသံချောင်း၏ ဆောင်းပါးအားပြန်လည်ဖော်ပြခြင်း ။