Friday, May 15, 2009

ဒေါ်အောင်ဆန်းစုကြည် ထောင်ချောက်ဆင်ခံရသလော



ထိန်းသိမ်းခံနေရသူ ဒေါ်အောင်ဆန်းစုကြည်၏ အိမ်သို့ အမေရိကန် တဦး ဝင်ရောက်မှု နှင့် စစ်အစိုးရ၏ နောက်ဆက်တွဲ အရေးယူ ဆောင်ရွက်ချက်များမှာ အများက စိတ်ဝင်တစား ဝေဖန် ပြောဆိုနေကြသည့် အကြောင်းအရာ ဖြစ်နေသည်။

ပြီးခဲ့သည့်အပတ်က အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်တောသည် လုံခြုံရေး တင်းကျပ်သော ဒေါ်အောင်ဆန်းစုကြည်၏ အိမ်သို့ ဝင်ရောက်ပြီး အပြန်တွင် ဖမ်းဆီးခံလိုက်ရသည်။ အိမ်ရှင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အာဏာပိုင်တို့ လျစ်လျူမရှုခဲ့ပေ။ ယနေ့ နံနက်ပိုင်းတွင် အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်သို့ ပို့ဆောင်ပြီး ကန့်သတ်ချက် ဖောက်ဖျက်မှုဖြင့် တရားစွဲလိုက်သည်။

စစ်အစိုးရက ဤဖြစ်ရပ်ကို ၎င်းတို့၏ အကျိုးအတွက် အသုံးချခြင်း ဖြစ်သည်ဟု ထင်ရှားသည့် မြန်မာဘလော့ဂါ အောင်သာငယ်က သုံးသပ်သည်။

“နအဖရဲ့ လုပ်ဇာတ်လေ။ ဒေါ်စုကို ထောင်ထဲ ထည့်မယ်၊ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ သူ့သြဇာ မပါအောင် ကြိုတင် ဖြိုဖျက်တာပဲ။ ဒါမှ သူတို့ ပြောနေတဲ့ ဥပဒေတွေနဲ့ ကိုက်မှာကိုး။ ဒေါ်စုဟာ ပြင်ပက အဆက် အသွယ်တွေ ရှိတယ်၊ နိုင်ငံခြား သြဇာခံတွေ ရှိတယ်ပေါ့ဗျာ” ဟု ကယ်လီဖိုးနီးယားပြည်နယ်ရောက် ဘလော့ဂါ အောင်သာငယ်က ပြောသည်။

ရန်ကုန် အခြေစိုက် စာနယ်ဇင်းသမား တဦးက အမေရိကန် နိုင်ငံသားသည် စစ်အစိုးရနှင့် ပတ်သက်ခြင်းမရှိဟု ယူဆသည်။

“ယက်တော ဆိုတဲ့သူကတော့ သူ့စိတ်ကူးနဲ့သူ လုပ်ချင်တဲ့ဟာကို လုပ်သွားတာ ဖြစ်ပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သိက္ခာချဖို့ ကြံစည်နေတဲ့ နအဖက အဲဒီ အဖြစ် အပျက်အပေါ်မှာ အကျယ်ချုပ် သက်တမ်း တိုးဖို့၊ ဖမ်းဆီးတာ သက်တမ်းရှည်ဖို့ အတင်း အဓမ္မ ခွင်ဆင်တာ လို့ မြင်တာပါပဲ” ဟု အဆိုပါ စာနယ်ဇင်းသမားက ပြောသည်။ “ဆင်တဲ့ခွင်က မသင့်တော်လည်း အတင်းလုပ်တဲ့ သဘောပါပဲ” ဟု ဆိုသည်။

မြန်မာနိုင်ငံအကြောင်း ရေးသားလေ့ရှိသည့် ထင်ရှားသော ဘလော့ဂါတဦးဖြစ်သူ မင်းဒင် ကလည်း ယခု လူပြောများနေသော ဖြစ်ရပ်မှာ သွေးရိုးသားရိုးမဟုတ်နိုင်ဟု ပြောသည်။

“သံသယ အမြင်နဲ့ စွပ်စွဲတာမျိုးကို ကျနော် မပြောချင်ပေမယ့် အာဏာအတွက် လူစုပြီး ချောင်းရိုက်တတ်တဲ့ စစ်သားအမည်ခံ ကိုယ်ကျိုးရှာ၊ အာဏာရှင်တွေဟာ မဟုတ်၊ မတရားတာကို လုပ်ဖို့ ဘယ်တုန်းကမှ လက်မနှေးခဲ့တာကြောင့် ယက်တောကိစ္စမှာလည်း သွေးရိုးသားရိုးလို့ ကျနော် မယူဆနိုင်ပါဘူး” ဟု သုံးသပ်ပြသည်။

ဤအမှုမှာ ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ သို့မဟုတ် ဒဏ်ငွေ သက်သက်၊ ဒဏ်ငွေ ၅ဝဝဝ ချမှတ်နိုင်သည့် အမှု ဖြစ်သည်ဟု ရန်ကုန်မှ ရှေ့နေကြီး ဦးအောင်သိန်းက ရှင်းပြသည်။

နိုင်ငံတကာတွင်လည်း လွတ်ရက်စေ့တော့မည့် ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုမှုနှင့် ပတ်သက်ပြီး တုံ့ပြန် ပြောဆိုမှုများ ရှိနေသည်။

သြစတေးလျ နိုင်ငံခြားရေး ဝန်ကြီး စတီဖင်စမစ်က ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးမှုမှာ “အလွန်တရာ စိုးရိမ်ဖွယ်” ဖြစ်သည်ဟု ဆိုသည်။

ယခုဖြစ်ရပ်တွင် အဓိကပုဂ္ဂိုလ် တဦး ဖြစ်သူ ဂျွန် ဝီလျံ ယက်တောသည် ယခုအချိန်အထိ အဖွဲ့အစည်း တခုခုနှင့် ပတ်သက်သည် ဟူသော သတင်း ထွက်ပေါ်လာခြင်း မရှိပေ။ သာမန် အရပ်သား တဦးသာ ဖြစ်သည် ဟု ဆိုသည်။

သူ၏ သားဖြစ်သူ ပေါလ်နက်ရိုက AP သတင်းဌာနသို့ ပြောပြရာတွင် ဂျွန် ဝီလျံ ယက်တောသည် နိုင်ငံရေး လှုပ်ရှားမှုများတွင် စိတ်ဝင်စားမှု မရှိဟု ဆိုသည်။

“ဂျွန်က အန္တရာယ် မပေးတတ်သလို နိုင်ငံရေးလည်း စိတ်မဝင်စားပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ဒုက္ခပေးဖို့ စိတ်ကူးမရှိပါဘူး” ဟု ပေါ်လ်နက်ရိုက ပြောသည်။

“ဂျွန်က ဆီးချိုရောဂါရှိသည်၊ ကျန်းမာရေး ကောင်းတာလည်း မဟုတ်ဘူး”ဟု ဆိုသည်။ ကျန်းမာရေး ကောင်းမွန်ခြင်း မရှိသဖြင့် မှန်ကန်စွာ ဆုံးဖြတ်နိုင်မည် မဟုတ်ဟု ၎င်းက ပြောသည်။

ယခုအချိန်အထိ ဂျွန် ဝီလျံ ယက်တော၏ ကျူးကျော်ဝင်ရောက်မှုနှင့် ပတ်သက်ပြီး ဂျွန် ဝီလျံ ယက်တောနှင့် တွေ့ခွင့် ရခဲ့သော ရန်ကုန်မြို့ အမေရိကန် ကောင်စစ်ဝန်ထံမှ လည်းကောင်း၊ စစ်အစိုးရ ထံမှ လည်းကောင်း ပြည့်စုံသည့် ပြောကြားချက် ထွက်ပေါ်လာခြင်း မရှိသေးပေ။

ပြည်ပရောက် နိုင်ငံရေးသမားဖြစ်သူ ကိုငွေလင်းက ဤဖြစ်ရပ်တွင် မြှုပ်ကွက်များ ရှိနိုင်သည်ဟု ခန့်မှန်းနေသည်။

“သံသယ ဖြစ်စရာတွေ တွေ့ရတယ်။ တကယ်တော့ ဒီနေရာက လုံခြုံရေး စည်းကြပ်ထားမှုအရ ဆိုရင် ဝင်လို့ကို မရတဲ့ နေရာဖြစ်တယ်။ ဒီလို လုံခြုံရေး အခြေအနေ ရှိတဲ့ ဒီနေရာကို လာခွင့် ရသွားတယ်။ မမြင်ချင် ယောင်ဆောင်တာ ဒါမှမဟုတ် ဝင်ရောက်ခွင့် ပေးလိုက်တာမျိုး မဟုတ်ဘဲနဲ့တော့ ဝင်လို့ ရစရာ အကြောင်း မရှိဘူး။ သူ့ရဲ့ကျူးကျော်မှုမှာ အစိုးရ သော်လည်းကောင်း၊ လုံခြုံရေး ဝန်ထမ်းတွေ သော်လည်းကောင်း ပါဝင်နေတယ် လို့ ကျနော် သုံးသပ်မိတယ်” ဟု ကိုငွေလင်းက ဧရာဝတီကို ပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်ရက်စေ့ခါနီးတွင် အစိုးရက သူ့ကို ပြန်လည် ထိန်းသိမ်းနိုင်ရန် ကြိုတင် ကြံစည် ဆောင်ရွက်ခြင်း ဖြစ်မည်ဟု သံသယရှိမိကြောင်း ကိုငွေလင်းက ရှင်းပြသည်။

ဧရာဝတီမှာ ကူးယူဖော်ပြပါသည်

No comments:

Post a Comment